ဘန့်ဘွေးကုန်းရွာ ဘုန်းတော်ကြီး ဦးစန္ဒိမာ ကျောင်းတွင် ကျောင်းအိပ်ကျောင်းစား နေသူ သုံးဦးရှိသည်။ဖိုးထောင်၊အောင်ပု နှင့် အာဝါးတို့ဖြစ်ကြသည်။ထိုသုံးယောက်ထဲတွင် ဖိုးထောင်သည် အသက်အကြီးဆုံးနှင့် လူကောင်လည်းအထွားဆုံးသူဖြစ်သည်။ဗလအားကိုးနှင့် ကျန်နှစ်ဦးအား အမြဲအနိုင်ကျင့်သူလည်းဖြစ်၏။
ဆွမ်းခံသွားလျှင် ဟင်းကောင်းများပါလာပါက ခိုးစားတတ်သူဖြစ်သည်။ကျောင်းအတွင်းရှိ ခို ၊ ကြက်တို့ကိုလည်းထောင်၍ ကင်စားတတ်သည်။ဘုန်းကြီးလစ်လျှင်လစ်သလို မဖွယ်မရာအလုပ်များကို လုပ်တတ်သည်။အောင်ပုနှင့် အာဝါးလည်း ဖိုးထောင်ကိုကြောက်ရ၍ ဘုန်းတော်ကြီးအား ပြန်မတိုင်ဝံ့ပေ။
ဆရာတော်ကြီး၏ကျောင်းတွင် ခွေးနှင်ေ့ကြာင် များကိုမွေးထားသည်။ "တိရိစ္ဆာန်ဆိုတာ လူကကျွေးမှ စားရတာ ၊ ဂရုစိုက်ကျွေးကြ" ဟုမိန့်မှာထား၏။အစာကျွေးရန် ဖိုးထောင်ကိုတာဝန်ပေးထာ၏။ဖိုးထောင်သည် ဆရာတော်ကြီး ရှိလျှင် အစာကိုကောင်းကောင်းကျွေးသည်။ဆရာတော်ကြီး ကျောင်းတွင်မရှိလျှင်မူ လှည့်ပင်မကြည့်တော့ချေ။အဆိုးဆုံးအလုပ်မှာ ကြောင်များကို ကျောင်းပေါ်မှ ကျောင်းအောက်သို့ပစ်ချရင်း "ကြောင်ကျ ကျတယ်ဆိုတာ ဒီလိုမျိုးကွ၊ဘယ်တော့မှကိုယ်လုံးနဲ့ကျတယ်ဆိုတာမရှိဘူး။ခြေထောက်တွေနဲ့အတည့်ကျတာ။တော်တော်ကြည့်လို့ကောင်းတယ်" ဟုပြောရင်း ကြောင်များကိုပစ်ချနေခြင်းပင်။
ပိုဆိုးသည်မှာ ခွေးများကိုလည်းထိုအတိုင်းပစ်ချနေခြင်းပင် "သူများတွေပြောတဲ့ခွေးကျ ကျတယ်ဆိုတာ ဒါမျိုးကွ ဘုတ်ခနဲ ၊ ဂိန်ခနဲ အော်ပြီးကျတာ ကြည့်ထားကြ" ဟု ကျောင်းသားများ ၊ အောင်ပုနှင့် အာဝါးတို့ကိုပြောကာ ပစ်ချနေလေ့ရှိသည်။ခွေး၊ကြောင် များသည် ဆရာတော်ကြီးမရှိလျှင် ဖိုးထောင်၏ နှိပ်စက်မှုကို အမြဲခံနေကြရလေသည်။
မိုးဦးကာလတွင် ကျောင်းခေါင်းရင်းရှိသရက်ပင်များသည် ၀င်းမှည့်နေလေပြီ။ဖိုးထောင်ကသရက်သီးကြိုက်သည်။ကျောင်းသားများသည် သရက်သီးများကိုစားလိုသော်လည်းဆရာတော်ကြီး၏ ကြိမ်လုံးကိုကြောက်ကြ၍ မခူးဝံ့ကြ။တစ်နေ့တွင် ဆရာတော်ကြီး အလှူကိစ္စဖြင့် ထန်းပင်ကုန်းရွာသို့ကြွသွားလေသည်။ဖိုးထောင်က ၀မ်းသာအားရဖြင့် အများမခူးရဲသော သရက်သီးများကို မော့ကြည့်ကာ "မင်းတို့ကို ဘယ်သူမှမခူးရဲတာ ငါခူးပြမယ်" ဟုပြောကာ သရက်ပင်ပေါ်သို့တတ်သွားလေသည်။
သရက်သီးများလေးငါးခြောက်လုံးခန့်ခူးပြီးသော် ပိုးထိုးနေသော သစ်ကိုင်းကိုနင်းမိကာ သရက်ကိုင်းကျိုးကျပြီး အောက်သို့ ဘုတ်ခနဲပြုတ်ကျလေသည်။သရက်ပင်ခြေရင်းတွင်ပင် ဖိုးထောင်တစ်ယောက်ပြန်မထနိုင်တော့ဘဲ ညည်းညူနေလေပြီ။အောင်ပု နှင့် အာဝါးတို့လည်း ဖိုးထောင်၏ အိမ်သို့ပြေးပြောကြ၏။ဖိုးထောင်၏ အဖေလိုက်လာကာ " ဆေးရုံမြန်မြန်ပို့မှရမှာ လက်နှစ်ဖက်လုံးကျိုးသွားတာ" ဟုပြော၏။
မြို့ဆေးခန်းသို့ပို့ရန် ကြိုး၊စောင်၊၀ါးလုံးတို့ရှာကာ ပုခက်လုပ်ကြ၏။ဖိုးထောင်ကိုပုခက်အတွင်းသို့ထည့်ပြီး မြို့သို့သွားကြ၏။ဖိုးထောင်လည်းနာကျင်လွန်းသဖြင့် တစ်လမ်းလုံးအော်ညည်းလာလေသည်။
လမ်းတွင် ပုခက်ကြိုးပြတ်ကျ၍ ဖိုးထောင် ပုခက်အတွင်းမှပြုတ်ကျကာ အောက်မှကျောက်တုံးနှင့်ခါးရိုက်မိပြီးခါးမှာအတော်ပင်နာသွား၏။ဖအေဖြစ်သူမှာ "၀ဋ်ကြီးလိုက်တာသားရယ် သူများတွေကိုမကောင်းကြံ လို့သားဒီလိုတွေခံနေရတာ" လို့ငိုယိုကာပြောနေရှာပေ၏။
အောင်ပုနှင့်အာဝါးတို့လည်း ရင်ထဲမှာအတွေးကိုယ်စီနှင့်ကြောက်နေကြပေပြီ....ထိုအတွေးကား...၀ဋ်လည်ပြီ....