လွယ်မုံမိန်းတောင်သည် ဗန်းမော်ဘက်မှ လာလျှင် မြို့အဝင်တွင် တည်ရှိပြီး လက်ယာဘက်သို့ချိုးကာ အတွင်းပိုင်းသို့ ဝင်ရလေသည်။ တောင်ခြေတွင် ကားများ ဆိုင်ကယ်များ လူများနှင့်ပြည့်ကျပ်နေကာ ဆိုင်ကယ်များကို တောင်ခြေရှိ ဆိုင်ကယ်ထားရန် နေရာတွင် ထားခဲ့ရလေသည်။ ပွဲတော်မရှိသည့် အချိန်တွင် ဆိုင်ကယ်ဖြင့် ဘုန်းတော်ကြီးကျောင်းအထိ စီးတက်နိုင်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရလေသည်။ တောင်ပေါ်သို့ ဖြည်းချင်းချင်း အတက်လမ်းမှ စ၍ တက်ကျလေသည်။ လူတန်းကြီးနှင့် တရွှေ့ရွှေ့လိုက်ပါလာရင်း တဖြည်းဖြည်းနှင့် တောင်ပေါ်သို့ ရောက်လာပေသည်။ မောသည်ထက် နေအလွန် ပြင်းသောကြောင့် ချွေးဒီးဒီးကိလေသည်။ တောင်တက်လမ်းတစ်လျှောက်တွင်ပင် ဘုရားဖူးများအတွက် စတုဒီသာများကို ခင်းကျင်းကျွေးမွေးထားလေသည်။ သောက်ရေ အအေးဗူး ကောက်ညှင်းပေါင်း စသည်ဖြင့် အမယ်စုံလှပေသည်။ နားရင်းတက်ရင်းနှင့်ပင် တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ ရောက်လေသည်။
photo by me
photo by me
ဘုန်းတော်ကြီးကျောင်းတွင် ရေစိမ်နှင့် ခေါက်ဆွဲများကို ကျွေးမွေးရာ မိမိတို့ အဖွဲ့သည်လည်း လက်မနှေးဘဲ ဝင်လွေးကျလေသည်။ ဗိုက်ဆာဆာနှင့် တစ်ပန်းကန်ကုန်သွားသော်လည်း နောက်တစ်ပန်းကန် ထပ်ယူရန် မလွယ်ကူပေ။ လူတန်းရှည်ကြီးသည် မိမိတို့နောက်တွင် တောင်ခြေထိအောင် ရှိပေသေးသည်။ ထို့ကြောင့် မသွားချင်သွားချင်နှင့် ဆက်သွားရာ ဇရပ်ထဲတွင် ထမင်းဗူးလေးများနှင့် ထမင်းဝေနေသည်ကို ဝင်၍ တိုးရပြန်လေသည်။ ထို့နောက် လူစုံတက်စေ့ ထမင်းဗူးများရလျှင် အေးအေးလူလူ စားသောက်နိုင်ရန် ရပ်တော်မူစေတီတော်ကြီးတည်ရှိရာ တောင်ထိပ်ဆီသို့ ဆက်၍ တက်ခဲ့ကျလေသည်။ သစ်ပင်သစ်ရိပ်ကောင်းသော်လည်း များပြားလှသည့် လူများကြောင့် ထိုင်စရာနေရာပင် ခက်ခဲလေသည်။ ရပ်တော်မူဘုရားတည်ရှိရာ ဝန်းကျင်တွင် ဆိုင်ခန်းလေးများထိုးကာ စတုဒီသာများ ကျွေးမွေးနေလေသည်။ အထူးသဖြင့် ထမင်းဆိုင်လေးများမှာ ပိုများလေသည်။ မိမိတို့ အဖွဲ့သည် ဘုရားရင်ပြင်တွင် ကျပ်သိပ်နေသည့်လူအများကြား တိုးဝှေ့ထိုင်ကျရင်း ထမင်းစားကျရလေသည်။ ထို့နောက် ရပ်တော်မူစေတီတော်ကြီးကို ဖူးမျှော်ကြည်ညိုရင်း အလှူ ငွေများ ထည့်ဝင်ကျလေသည်။
photo by me
ထို့နောက် အဆင်းလမ်းမှဆင်းကာ သစ်ခွဥယျာဉ်ခြံလေးထဲသို့ ဝင်ကာ စိုက်ပျိုးထားသည့် သစ်ခွနှင့် သဘာဝပန်းမျိုးများကို လေ့လာကျလေသည်။ အဆင်းလမ်းသည် လှေကားထစ်လေးများနှင့် ခပ်မတ်မတ်ရှိသော်လည်း အတက်လမ်းကထက် ပိုနီးသည်ဟု ထင်မိလေသည်။ တောင်ခြေသို့ ရောက်သည်တွင် နံနက် ၉နာရီခန့်သာရှိသေးသဖြင့် ခရိးစဉ် ထက်ဆွဲကျပြန်လေသည်။ မြို့သစ်မြို့နှင့် ၃မိုင်ခန့်သာ ဝေးသော ကုန်းနှောင်ရွာရှိ ကျောက်တုံးကြီး ရေတံခွန်သို့ သွားရောက်ခဲ့ကျလေသည်။ ရေတံခွန်သည် သိပ်မြင့်လှသည် မဟုတ်ဘဲ ရေစီးလည်း သိပ်မသန်ပေ။ နွေရာသီ ရေနည်းချိန်ဖြစ်သဖြင့် ရေတိမ်လေသည်။ ထို့ကြောင့် ကလေးငယ်များအတွက် သင့်လျှော်ပေသည်။ နေပူပူထဲမှ ခရီးနှင်ာကျသော မိမိတို့ အဖွဲ့သည် သဘာဝရေတံခွန်လေးဘေးတွင် အမောဖြေကျလေသည်။ စားသောက်ဖွယ်ရာများကို စားသောက်ကျလေသည်။ ထို့နောက် ရေဆော့ကစားကျရင် အပြန်ခရီးကို နံနက် ၁၀နာရီခွဲတွင် စတင်လေသည်။ ထိုခရီးစဉ်လေးသည် မထင်မှတ်ဘဲ ကုသိုလ်လည်းရခဲ့သလို အပျော်ခရီးလေးလည်း ဖြစ်ခဲ့ပါသည်။ အခါအခွင့်သင့်သောအချိန်တွင် အေးချမ်းစွာ ဘုရားဖူးရင်း ထိုရေတံခွန်လေးကို ပြန်သွားအုံးမည်ဟု စိတ်တွင်မှတ်သားရင်း စာဖတ်သူအားလုံး ရွှင်လန်း ချမ်းမြေ့ပါစေ။
@suhlaing
msc 175