ဘဝတစ်ဆစ်ချိုး အပိုင်း(၁)အား ဤနေရာတွင်ဖတ်ရှုပါ။"ဟဲလို ...ဟုတ်ကဲ့ အန်တီ ကျွန်တော်နေသော်ပါ......ဗျာာာ၊.....ဘယ်လို....ဘယ်လို..."နေသော်တစ်ယောက် အိပ်နေရာမှ ငေါက်ခနဲ ထထိုင်လိုက်တော့သည်။တစ်ဖက်မှကြားလိုက်ရသော စကားများကြောင့် နေသော်တစ်ယောက် ကြောင်စီစီဖြစ်၍ ကြက်သေ သေသွားသည်။တစ်ဖက်မှလည်း ဖုန်းထဲ အဆက်မပြတ် ပြောလာသည်။နေသော်တစ်ယောက် ထိုစကားသံများကို နားထောင်နိုင်စွမ်းမရှိတော့ပါ။
credit; www.celebdirtylaundry.com
နေသော်တစ်ယောက် အသက်မဲ့နေသော လူတစ်ယောက်နှယ် ဟန်းဖုန်းအား ချလိုက်ပြီး စိတ်မပါသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း လှမ်းနေမိသည်။အဘယ်ကြောင့် ထိုသို့ဖြစ်သွားပါသနည်း။ဝမ်းနည်းစရာ ကောင်းလွန်းသော သတင်းတစ်ခု။တစ်နည်းအားဖြင့် နေသော်၏ ရင်ဘတ်အား ကွဲကြေမွစေသော သတင်းတစ်ခုပင်ဖြစ်ပါသည်။နေသော် အင်မတန်ချစ်ရသော နွယ် ။နွယ် ကားတိုက်၍ဆုံးချေပြီ။နေသော်၏ ကမ္ဘာထဲဝယ် နွယ်တစ်ယောက် မနှုတ်ဆက်ဘဲ ရုတ်တရက်ဆုတ်ခွာသွားပြီ။
သြော် ဆိုးလွန်းလှသော ကံကြမ္မာများ အဘယ်ကြောင့်များ နေသော်တို့ ချစ်သူနှစ်ဦးကြား ဝင်ရောက် တိုက်ခိုက်စေနိုင်ခဲ့သနည်း။တွေးရင်းတွေးရင်းဖြင့် နေသော် မျက်ရည်များမဆည်နိုင်။ယောက်ျားတန်မဲ့ မျက်ရည်များ ထိန်းချူပ်နိုင်စွမ်း မရှိတော့ပါ။နေသော့် အဖို့ ယခုလိုမျိုး အကြောင်းကိစ္စဆိုတာ အိမ်မက်ထဲပင် မမက်ခဲ့ပါ။လက်တွေ့ကျကျ ကြုံတွေ့ပါမှ စိတ်ထဲ ကယက်လှိုင်းများနှင့်အတူ အသားများပင် တဆတ်ဆတ်တုန်လို့နေသည်။
credit; www.lifealth.com
နေသော် လှမ်းနေသည့်ခြေလှမ်းများ တုန့်ဆိုင်းသွားပြီး သတိစိတ်များ ဝင်လာခဲ့တော့သည်။ချက်ချင်းဆိုသလို ဆိုင်ကယ် ထုတ်ကာ ဆေးရုံသို့ ဒုန်းစိုင်းခဲ့တော့သည်။ဆိုင်ကယ်အားမြန်နှုန်းမြင့်ကာ မောင်းနှင်နေပါသော်လည်း စိတ်ထဲ နှေးကွေးနေသည်ဟု ထင်နေမိသည်။ရောက်ချင်စောနှင့် မောင်းနှင်နေသည်ဖြစ်၍ မြင်ကွင်းထဲအရာရာ ဝေဝါးကုန်သည်။မီးပွိုင့်များကို ဖြတ်ကျော်ကာ ဆေးရုံသို့ ခဏတွင်းချင်း ရောက်လာခဲ့သည်။နေသော်တစ်ယောက် ဆေးရုံတွင်းသို့ ခြေလှမ်းကျဲကျဲများဖြင့် လှမ်းလာခဲ့သည်။အခန်းတစ်ခန်းကိုဖြတ်၍ ထောင့်တစ်ခုအား ကျော်ဖြတ်ရင်ပဲ အရေးပေါ်အခန်းအား ထိပ်တိုက် တွေ့မြင်ရနေပြီ။ရင်ထဲ တထိတ်ထိတ်နဲ့ ထိန်းမရအောင် လှုပ်ရှားလွန်းနေသည်။နေသော်မျက်ဝန်းထဲ မျက်ရည်များ ဝဲလည်ကာ နွယ် ဘာမှမဖြစ်ပါစေနဲ့လို့ ကြိတ်ဆုတောင်းနေမိပြန်သည်။
"ဟာ" မြင်ရတဲ့မြင်ကွင်းများကြောင့်နေသော်တစ်ယောက် စိတ်ထဲ မအောင့်အီးနိုင်အောင် အာမေဋိတ်သံများ ထွက်သွားခဲ့ရတော့သည်။အထြူရောင်ပိတ်သားများဖြင့် ဖုံးအုပ်ထားသော လူသေအလောင်းဘေးဝယ် နွယ့် မိဘများကိုထပ်မံမြင်တွေ့ရပါတော့သည်။နွယ့်မိဘများကတော့ ရှိုက်ကြီးတငင်ငိုယိုနေလို့။နေသော်တစ်ယောက် နှေးကွေးလွန်းသည့် ခြေလှမ်းများဖြင့် ကုတင်အနားသို့ တဖြည်းဖြည်းလှမ်းလာခဲ့သည်။ကုတင်ဘေးနားဝယ် နွယ့် မိဘများက နေသော့်ကိုမြင်တွေ့ကာမှပဲ ပို၍ပင် ငိုယိုကာ ငိုပွဲနွဲတော့သည်။အဖြူရောင်ပိတ်စလေးအား လှပ်ကြည့်ရန် နေသော် လက်များ တုန်ရီနေသည်။မျက်ဝန်းမှလည်း မျက်ရည်စများ ပိုးပိုးပေါက်ပေါက်ကျလို့နေသည်။အားတင်းကာဖြင့် အဖြူရောင်ပိတ်စအား မျက်လုံးမှိတ်ကာ လှန်ဖွင့်လိုက်တော့သည်။ပြီးမှ မျက်လုံးများအား ဖြည်းဖြည်းချင်းဖွင့်ကာ ကြည့်လိုက်တော့သည်။မြင်တွေ့ရသော နွယ်၏ ရုပ်အဆင်းမှာ အကျည်းတန်လွန်းလှသည်။နွယ်မှ နွယ်အစစ်ပင်။ကား အက်စင့်တန့်ဖြစ်၍ ကားကြိတ်ထားရာ လက်တစ်ဖက်မှာလည်း စုတ်ပြတ်သပ်လို့။ဦးခေါင်းထက်မှာလည်း သွေးများ ယိုစီးကျကာ ကြည့်မကောင်းတော့ပါ။လှပလွန်းသည့် နွယ်ရဲ့မျက်နှာလေးမှာလည်း ညိုမဲ ၍နေတော့သည်။အန်ကိုတင်းတင်းကြိတ်က အသံတိတ် ငိုချင်ပါသော်လည်း နေသော်ဆက်၍ ထိန်းနိုင်စွမ်းမရှိခဲ့ပါ။ရင်ဘတ်ကြီးကွဲမတက်ခံစားရပြီဖြစ်၍ အသံများတုန်ရီစွာ ထွက်လာကာ နေသော် ရိုက်ကြီးတငင်ငိုချလိုက်တော့သည်။
"ငိုချလိုက် ငါ့သား မင်းစိတ်ထဲ ရှိသမျှ ဖွင့်ချလိုက်ပြီး ငိုချလိုက် ဒါမှ မင်းရင်ထဲ ပွင့်ထွက်လာမှာ"နွယ့် ဖခင်ဖြစ်သူ ဦးကျော်စွာမှ နေသော့် ပုခုံးအား ပုတ်လိုက်ပြီး အားပေးနှစ်သိမ့်ပေးနေတော့သည်။ထို့နောက်
"ဦးလေးလည်း သူ့ဖခင်တစ်ယောက်ပါပဲ မိဘအနေနဲ့ ကြည့်မယ်ဆိုရင် ဦးလေးတို့လည်း ရင်ကွဲမတက်ခံစား ရပါတယ် ဘဝဆိုတာမွေးတစ်နေ့သေတစ်နေ့ ပဲပေါ့ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို သေမယ်ဆိုတာ မသိရုံတစ်မယ်ပါပဲ"ဦးကျော်စွာတစ်ယောက်မျက်ရည် များအား ပွတ်သပ်ကာ ခေါင်းငိုက်၍ပြောနေရှာတော့သည်။
နေသော်အနေဖြင့် ယခုအခြေအနေအား လက်မခံချင်သော်လည်း မည်သို့မှပင်မတက်နိုင်တော့ပါ။မကုန်ခမ်းနိုင်သောမျက်ရည်များကို ပွတ်သပ်ပြီး ဖြစ်စဉ်အကြောင်းစုံအားမေးမြန်းလိုက်တော့သည်။
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)