ဆရာတစ်ယောက်၏ ကောက်ကြောင်းများ(၂)

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက်၏ ကောက်ကြောင်းများ(၂)
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

စာသင်ကြားခြင်း ပထမဆုံးအတွေ့အကြုံကိုတော့ ဆောင်းပါးသပ်သပ် ရေးပြီးပြီမို့ အကျယ်မချဲ့တော့ပါဘူး။ ဝါသနာပါတဲ့ ဘာသာရပ်ကို သင်ခွင့်ရခဲ့တာကတော့ ကျေနပ်စရာပါ။ ပျော်ရွှင်မှုလည်းရှိသလို ကလေးတွေအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ခဲ့ပါတယ်။ သင်ကြားနေတဲ့ ဆရာ၊ဆရာမတွေထဲမှာလည်း ဝါသနာမပါတဲ့ ဘာသာရပ်ကို အကြောင်းအမျိုးမျိုးကြောင့် သင်ကြားပေးနေရတဲ့ ဆရာ၊ဆရာမတွေကို ကြုံဖူးပါတယ်။ ဝါသနာမပါတော့ နဂိုကလည်း လေ့လာမှုမရှိခဲ့၊ ထပ်မံလေ့လာလိုစိတ်လည်း မရှိကြဘဲ သင်ကြားရမယ့် အကြောင်းအရာအလိုက်သာ လေ့လာပြီး သင်ကြားနေကြရတာပါ။ ကလေးတွေအတွက် ထိရောက်မှု အားနည်းသွားပါတယ်။ ဒါပေမယ့် ဆရာ၊ဆရာမတွေအပေါ်မှာ အပြစ်မြင်လို့တော့ မရနိုင်ပါဘူး။ လိုအပ်ချက်ကို ဖြည့်စည်းသင်ကြားပေးနေတာကိုပဲ ကျေးဇူးတင်စရာပါ။

အဲဒီလို ဆရာ၊ဆရာမတွေနဲ့ စကားပြောကြည့်ဖူးပါတယ်။ သူတို့ရဲ့ ရင်ဖွင့်စကားတွေ နားထောင်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလောက် အစွမ်းကုန် စေတနာထားပြီး သင်ကြားပေးဖို့ တိုက်တွန်းပေးခဲ့ပါတယ်။ တစ်ချိန်ချိန်မှာ သူတို့ကျွမ်းကျင်တဲ့၊ သူတို့ဝါသနာပါတဲ့ ဘာသာရပ်ကို သင်ကြားပေးခွင့် ရလာပါလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဆရာကြီးတွေ ပြောလေ့ရှိတဲ့ စကားလိုပါပဲ။ စေတနာအပြည့်ထားပြီး သင်ကြားပေးနိုင်တဲ့ ဆရာတစ်ယောက်ဟာ စာသင်ကောင်းတဲ့ ဆရာတစ်ယောက် ဖြစ်လာမှာပါပဲ။ ကလေးတွေအတွက် စေတနာထားပေးတော့ ကလေးတွေအတွက် လိုအပ်နိုင်တာအားလုံး ဖြည့်စည်းပေးနိုင်ဖို့ ဆရာလုပ်တဲ့သူက လေ့လာရပါတယ်၊ ပြင်ဆင်ရပါတယ်၊ တီထွင်ဆန်းသစ်ရပါတယ်။ ကျောင်းသားတွေ မေးသမျှ ဖြေဆိုနိုင်ဖို့ အားထုတ်လေ့လာထားရပါတယ်။ ပြဌာန်းစာအုပ်လေးနဲ့တင် တင်းတိမ်ရောင်ရဲ့နေလို့ မရတော့ပါဘူး။ ကိုယ်လက်လှမ်းမီသလောက် နိုင်ငံတကာအဆင့်အထိ သင်ကြားနည်းစနစ်တွေ၊ သင်ရိုးညွှန်းတမ်းတွေ၊ ဘာသာရပ်အပေါ် ချဉ်းကပ်လေ့လာနည်းတွေ စသဖြင့် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ လေ့လာထားရပါမယ်။ ဒါမှလည်း တစ်ချို့သော ကျောင်းသားတွေရဲ့ မေးခွန်းတွေကို လက်ခံနိုင်လောက်တဲ့ အဖြေမျိုး ပေးနိုင်ပါလိမ့်မယ်။

အခုခေတ် ကလေးတွေရဲ့ ပညာရေးကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ အလွတ်ကျက်မှတ်ခြင်းကို ဦးစားပေးကြပါတယ်။ ဆရာ၊ဆရာမတွေ အများစုကလည်း အလွတ်ကျက်မှတ်ခြင်းကို ဦးစားပေးသင်ကြားကြပါတယ်။ ပညာရေးစနစ်ကြောင့်ပါပဲ။ ဒီလိုမေးရင် ဒီလိုဖြေ၊ ဟိုလိုမေးရင် ဟိုလိုဖြေ အသေမှတ်ပြီး ကျက်ကြပါတယ်။ ဘာကြောင့် အဲဒီလိုဖြေရမှန်း မသိကြပါဘူး။ သိလည်းမသိချင်ကြပါဘူး။ သိအောင် သေချာသင်ကြားပေးတဲ့ ဆရာကလည်း တခြားကမ္ဘာက ဂြိုဟ်သားတစ်ယောက်လို အကြည့်ခံရပါတယ်။ အင်္ဂလိပ်စာဆိုရင် အဆိုးဆုံးပါပဲ။ အသေကျက်ထားတဲ့ ပုံသေနည်းတွေနဲ့ပဲ သင်ချင်ကြပါတယ်။ သဘောတရားရှင်းပြပေးရင်လည်း ရှင်းပြပေးတဲ့အချိန်လောက်ပဲ သူတို့ခေါင်းထဲမှာ ရှိပါတယ်။ ကျန်တဲ့အချိန်တွေက မမှတ်မိကြတာများပါတယ်။ သဘောတရားနဲ့မှတ်ရင် ကျက်ထားတာထက် ပိုပြီးမှတ်မိလွယ်တယ်၊ ပိုပြီးသက်သာတယ်၊ မေးခွန်းအလှည့်အပြောင်းကို ပိုပြီးဖြေဆိုနိုင်တယ်ဆိုတာ အာပေါက်မတတ်ပြောပြပေးနေရပါတယ်။

ဆရာတွေပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ကျောင်းသားတွေ မရတာဆိုလို့ နှစ်မျိုးပဲရှိပါတယ်။ တွက်စာရယ်၊ ကျက်စာရယ်ပါတဲ့။ အမှန်ကန်ဆုံး စကားပါပဲ။ သဘောတရား မစဉ်းစားနိုင်လို့ ကျက်စာကျတော့ ရသလားဆိုတော့ စာမေးလိုက်တိုင်း ပြန်နွေးလိုက်ဦးမယ် ဆိုတာချည်းပါပဲ။ နောက်ပြီး သူတို့တွေ စာကျက်တဲ့နည်းစနစ်ကလည်း ထူးခြားပါတယ်။ စာတစ်ကြောင်းကို ကျက်နေတယ်ဆိုရင် ဆိုပါစို့ ( ကျွန်တော့်၏ မိဘနှစ်ပါးမှာ ဦးမြနှင့် ဒေါ်လှ ဖြစ်ကြပါသည်)စာကြောင်းကို သူတို့ကျက်တဲ့နည်းက စာကြောင်းရှေ့ပိုင်းကို ကြည့်ပြီးဖတ်သွားပါတယ်။(ကျွန်တော့်၏ မိဘနှစ်ပါးမှာ ဦးမြနှင့် ဒေါ်လှ)အထိကို ကြည့်ဖတ်ပါတယ်။ ကျန်နေတဲ့ ( ဖြစ်ကြပါသည်)အပိုင်းကိုတော့ ခေါင်းမော့ပြီး စာအုပ်မကြည့်ဘဲ စာတစ်ကြောင်းလုံး အလွတ်ဆိုတဲ့အတိုင်း ဆက်ဆိုကြပါတယ်။ သင်ခန်းစာအသစ်ဆိုရင် လက်သင့်ခံလို့ ရနိုင်ပေမယ့် သင်ခန်းစာအဟောင်း ကျက်ပြီးသားကိုလည်း အဲဒီနည်းအတိုင်း ပြန်ဆိုကြတာပါပဲ။ အဲဒီအချိန်မှာ လက်ကလေးနဲ့များ သူတို့စာအုပ်ကို သွားအုပ်ထားလိုက်ရင် သူတို့ ဆက်မဆိုနိုင်တော့ပါ။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center