ဒီလိုရက်ပိုင်းတွေ သင်ကြားပေးရခြင်းက တစ်နှစ်ပတ်လုံး သင်ကြားပေးရခြင်းနဲ့များ ညီမျှနေမလား...
ကိုးတန်းကလည်း ကိုးတန်းအလျောက်၊ ဆယ်တန်းကလည်း ဆယ်တန်းအလျောက် တော်တော်ကို အာပေါက်မတတ် သင်ကြားပေးရတယ်...
အင်္ဂလိပ်စာသင်ရတော့ ပိုဆိုးနေသလားမသိဘူး...
ရှေ့ကနေ စာပိုဒ်တွေချပေးနေတယ်၊ အေးရာအေးကြောင်း လိုက်ဆိုတယ်...
တစ်ခေါက်နှစ်ခေါက် ချပေးတာမဟုတ်...အကြိမ်ပေါင်းများစွာ...
တစ်လုံးခြင်းချပေးလိုက်၊ စကားစုလိုက်ချပေးလိုက်၊ စာကြောင်းလိုက်ချပေးလိုက်...
သူတို့ကို ထ,ဖတ်ခိုင်းလိုက်ရင် တလွဲတွေ ဖတ်တော့တာပဲ...
စာလုံးတွေကို အသံထွက် မှားဖတ်တယ်...ဒါကတော့ နားလည်ပေးလို့ ရပါတယ်...ဖတ်ပါများလာရင် အသံထွက် မှန်လာနိုင်ပါတယ်...
ဆိုးတာက the နဲ့ they, I နဲ့ it, he နဲ့ she ကွဲကွဲပြားပြား မဖတ်နိုင်ကြပါဘူး...
သင်ကြားမှုမှာ အာရုံစူးစိုက်ထားဖို့၊ စာမေးပွဲဆိုတာထက် သိသင့်သိထိုက်တာ၊ တတ်သင့်တတ်ထိုက်တာလေးတွေကို သိထားဖို့၊တတ်ထားဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းတရားတွေလည်း သဘောပေါက်အောင် အကြိမ်ကြိမ်ပြောထားပေမယ့်လည်း...
စာကိုပဲသင်နေရင် ငြီးငွေ့မှာ၊ အာရုံမစိုက်မှာစိုးလို့ သူတို့နဲ့နီးစပ်တဲ့ ခေတ်ပေါ်စကားလုံးတွေ၊အကြောင်းအရာတွေနဲ့လည်း ဟာသလေးတွေ၊ရယ်စရာလေးတွေလည်း အခြေအနေကိုလိုက်ပြီး ပြောပြပေးပါရဲ့...
ကျေးဇူးရှင်လေးတွေက ရယ်စရာသာ လိုက်ရယ်ကြတယ်၊ မှတ်စရာဆိုရင် မမှတ်ကြပါ...
မော်ဒယ်ကိုးယောက်တော့ မှတ်မိတယ်...
can,could,shall,should,will,would,may,might,must ဆိုတော့ကြ အိုးနင်းခွက်နင်း...
ဒီနစ်ပိုင်းတွေမှာ သိသာလာတဲ့ အချက်တစ်ချက် ရှိပါတယ်...
ကလေးတွေမှာ တော်တော်လေး အခြေခံပါခဲ့တဲ့ ကလေးတွေရယ်၊ လုံးဝကိုအခြေခံမပါပဲ ဘာမှကိုမသိတဲ့ ကလေးတွေရယ်ဆိုပြီး နှစ်မျိုးဖြစ်လာပါတယ်...
အလယ်အလတ် နည်းနည်းပါးပါးသိခဲ့တဲ့ ကလေးတွေဆိုတာ သိပ်မတွေ့ရတော့ပါ...