လွန်ကဲခြင်းများ
ဒီရက်ပိုင်းအတွင်း မြင်ရ၊တွေ့ရ သဘာဝမကျတာ များလာပါတယ်။ နှစ်တိုင်းကြုံနေကျဆိုပေမယ့် စိတ်ခံစားမှုကတော့ အတူတူပဲ ဖြစ်နေတုန်းပါပဲ။
စာမေးပွဲဖြေဖို့ နီးကပ်လာတာနဲ့အမျှ ကလေးတွေရဲ့ မိဘတွေက သည်းသည်းလှုပ်ဖြစ်လာပါတယ်။ နဂိုယ်တုန်းက ကလေးကို သိပ်ဂရုစိုက်လေ့ မရှိတဲ့ မိဘတွေတောင် ဒီလိုအချိန်တွေမှာ ပျာယာခတ်လာကြပါတယ်။ နဂိုကတည်းက သည်းသည်းလှုပ်မိဘတွေဆိုရင်တော့ ပြောစရာလိုမယ်မထင်တော့ပါ။
မိဘမေတ္တာကို နားလည်ပါတယ်၊ ကိုယ်ချင်းလည်းစာပါတယ်။ ဒါပေမယ့် တစ်ချို့မိဘတွေရဲ့ အလွန်အကျွံပြုမူဆောင်ရွက်ချက်တွေဟာ တစ်လောကလုံးမှာ သူတို့ကလေးတစ်ယောက်ပဲ အရေးကြီးတဲ့ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။
Credit to google image
ဒီလိုအချိန်မှာ ဆရာ၊ဆရာမတွေက ကလေးတွေဘေးမှာ အမြဲရှိနေပါတယ်။ ကလေးတွေ ထူးခြားမှုတစ်ခုခုဖြစ်လာပြီဆို ဖြေရှင်းပေးဖို့ အဆင်သင့်ပါ။ စာကိုပဲ ရာနှုန်းပြည့် အာရုံစိုက်ထားသင့်တဲ့အချိန်မှာ တစ်ချို့မိဘတွေရဲ့ အတ္တလွန်ကဲမှုတွေဟာ သူတို့ကလေးကိုသာမက ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ဖြစ်လာပါတယ်။
ဆရာဆိုတာ ဒုတိယမိဘဆိုတာ သူတို့အသိထဲမှာ မှေးမှိန်နေလေ့ရှိကြပါတယ်။ စာသင်ခန်းထဲတောင် ဝင်ထိုင်ပြီး ကလေးကို စောင့်ရှောက်ပေးချင်ကြပါတယ်။ ဘေးကနေ ယပ်ခတ်ပေးချင်ကြပါတယ်။ မုန့်ထုတ်လေးတွေဖောက်ပြီး ခွံ့ကျွေးချင်ကြပါတယ်။ ဆရာတွေက ခွင့်မပြုလို့သာပါပဲ။
မိဘတွေ ရောက်လာတတ်တဲ့ ဒီလိုအချိန်မျိုးရောက်ရင် ဆရာ၊ဆရာမတွေအတွက်ကတော့ ကလေးကိုထိန်းရသလို လူကြီးတွေကိုပါ ထိန်းရလေ့ရှိပါတယ်။