မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။
ပညာရပ်တွေလေ့လာသင်ယူတဲ့နေရာမှာ တစ်ခုဆိုတစ်ခု ထူးထူးချွန်ချွန်ဖြစ်အောင် လေ့လာသင့်ပါတယ်။ ထို့အတူ အလုပ်တစ်ခုလုပ်ရာမှာလည်း ထိုနည်းအတိုင်းပြုလုပ်သင့်ပါတယ်။ တစ်လိုင်းကောင်းဖောက်နိုင်ရင် လုပ်ငန်းလုပ်ကိုင်ရာမှာလည်း အောင်မြင်ပါတယ်။ ဘယ်အတက်ပညာ ဘယ်နယ်ပယ်မဆို အမြဲထိတွေ့နေဘို့လိုသလို မပြတ်လေ့ကျင့်သင်ကြားနေဘို့လည်း လိုပါတယ်။
တစ်နေ့ အသိမိတ်ဆွေတစ်ယောက် ကျွန်တော်ဆီလာနှုတ်ဆက်တယ်။ ပန်းတနော်ဘက်က ။ လွန်ခဲ့တဲ့၁၀နှစ်လောက်ကအင်းတကော် သံရည်ကျိုစက်ရုံမှာ သူတို့က ပန်ကာလာလုပ်တာ။ ဒီမှာ ပုံလောင်းပြီး သူတို့ပန်းတနော် မြောင်းမြဘက် ပြန်ဖြန့်တာပေါ့။ ကျွန်တော့်ဆိုင်မှာ ထမင်းစားကြတော့ ရင်းနှီးလာတဲ့မိတ်ဆွေတွေပါ။ အဲဒီတုန်းက သူတို့လုပ်ငန်း အောင်မြင်ပါတယ်။ အမြတ်ကခေါက်ချိုးမက ကျန်တယ်။ ဒါပေမယ့် နောက်ပိုင်းသူတို့ ပြန်သွားကြတယ်။ ကိုယ်လည်း ဘာကြောင့်ပြန်သွားကြလည်း သိပ်မသိခဲ့ပါဘူး။ တစ်နေ့ကတွေ့လို့ သူရှင်းပြတော့မှ အကြောင်းစုံသိရတယ်။ အဓိက ပြဿနာက ငွေမလည်တာပါ။ လုပ်ငန်းအောင်မြင်လာတော့ အသုံးအဖြုန်းများလာ နောက်အပ်ထည်တွေအတွက် အရင်းအနှီး မလည်တော့လို့ တပ်ပြန်ခေါက်သွားတာ။ ဒီကြားထဲ မင်းဘာလုပ်နေလဲဆိုတော့ steel structure လုပ်ငန်းမှာ လိုက်လုပ်နေတယ်တဲ့။ ကန်ထရိုက်အသေးစားသဘောမျိုးလုပ်တာပေါ့။ အထိုက်အလျောက်အရင်းအနှီးလေးရလာလို့ ဒီပန်ကာလုပ်ငန်းလုပ်ဘို့ ဈေးလာစုံးစမ်းတာတဲ့။ သူ ကျွန်တော့်ကို ဘာပြောလဲဆိုတော့ ၊ ကိုယ်ကျွမ်းကျင်ခဲ့တဲ့ ဒီပန်ကာလုပ်ငန်းဘဲ လုပ်ချင်နေမိတယ်တဲ့။ နောက်ပြီး ကျွန်တော်တို့ဆီမှာ မြစ်ကြီးရှိနေသရွေ့ ဒီလုပ်ငန်းက မတိမ်ကောဘူးအစ်ကိုတဲ့။ ယခင်တုန်းက လုပ်ခဲ့တဲ့ ဖောက်သည်တွေလည်းရှိတဲ့အတွက် ပြန်စဖို့ လာစုံစမ်းတာပါလို့ပြောတယ်။ သူသာအခုချိန်ထိ တစ်စိုက်မတ်မတ်လုပ်ကိုင်ခဲ့ရင် အခုဆို တော်တော်အောင်မြင်နေပြီ။ ကျွန်တော်တို့လူမျိုးတွေက အဆင်ပြေရင် ဗွေဖောက်ချင်တယ်။ ကျွန်တော်လည်း အားပေးလိုက်ပါတယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်တာ အကောင်းဆုံးပါ၊ နိုင်သလောက်နဲ့စပါလို့ အကြံပေးခဲ့တယ်။ နောက်ပြီး ကိုယ်ကျွမ်းကျင်ရာလုပ်တော့ စိတ်ချမ်းသာသလို အောင်မြင်ပါတယ်။ သူတို့လေးတွေက တော်ရှာပါတယ်။ ကိုယ်တိုင် မိုလုပ် ၊မိုလောင်း ၊တွင်ခုံစားတာကအစ ကိုယ်တိုင် လုပ်ကိုင်နိုင်တယ်။ စက်လှေပိုင်ရှင်တွေ၊သင်္ဘောပိုင်ရှင်တွေ စိတ်ကြိုက်အော်ဒါမှာတာကို လုပ်ကိုင်နိုင်စွမ်းရှိတယ်။ စီမံခန့်ခွဲမှုကောင်းရင် အောင်မြင်မှာပါ။
မနေ့က reader channalမှာ ဆွေးနွေးပွဲတစ်ခုကြည့်လိုက်ရတယ်။ ဂရပ်ဖစ်ဒီဇိုင်း အကြောင်းရှင်းပြနေတာ လိုက်နားထောင်မိတယ်။ ဆရာတစ်ယောက်က ရှင်းပြနေတာ။ လူလတ်ပိုင်းလောက်တော့ ရှိမယ်။ သူပြောပြနေတာ နားထောင်လို့ကောင်းတယ်၊ ပညာရှင်ပုံစမျိုး မေးသမျှကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှင်းပြတာ ကြည့်လို့ ကောင်းမှကောင်း။ ကိုယ်နားလည်တဲ့ဘာသာရပ်မဟုတ်တာတောင် ကြည့်လို့ကောင်း နားထောင်လို့ ကောင်းနေတယ်။ e လည်းကောင်းတယ်။ ပညာထူးချွန်တဲ့သူတွေကြည့်ရတာ ကြည့်လို့ကိုးကောင်းတယ်။ ယုံကြည်မှု အပြည့် ရှိတယ်။ အချက်အလက်ပြည်စုံစွာရှင်းပြနိုင်တယ်။ လူတစ်ဦးနဲ့တစ်ဦး ထူးချွန်ကြတာ မတူကြပါဘူး။ ကိုယ်မထင်ထားတဲ့သူက တစ်နေရာရာမှာ ထူးချွန်တတ်ကြပါတယ်။ အတက်ပညာပိုင်းမှာ မထူးချွန်ပေမယ့် အားကစားတို့ စီးပွားရေး လုပ်တဲ့နေရာတွေမှာ ထူးချွန်နေတာတွေ အများကြီးပါ။ ကိုယ်က တစ်နေရာမှာတော့ ထူးချွန်သင့်တယ်။ မပြတ်လုပ်ကိုင်နေရင် ထူးချွန်မှု ကျွမ်းကျင်မှုဆိုတာ တစ်နေ့ဖြစ်လာမှာပါ။ မပြတ်လေ့လာ ၊လေ့ကျင့်လုပ်ကိုင်နေဘို့ အရေးကြီးပါတယ်။စီးပွားရေးလုပ်ငန်းဘဲဖြစ်ဖြစ် ဘာလုပ်ငန်းဘဲဖြစ်ဖြစ် သတိထားရင် လုပ်စရာတွေပေါ်လာပါတယ်။ သတိမထား ဂရုမစိုက်လို့သာ အကြံမပေါ် လုပ်စရာမရှိသလိုဖြစ်နေတာပါ။ မိတ်ဆွေတို့ရဲ့ဘဝမှာလည်း
"ထွန်းတောက်တဲ့နေ ပြန်မငြိမ်းပါစေနဲ့" လို့ ဆုမွန်တောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-228
@mahaw