ဒီနေ့ ကျုံးဘေး လမ်းစောစောလျှောက်မိသည်။
စာရေးဖို့ကုန်ကြမ်းလေးယူရင်း ဓာတ်ပုံရိုက်ရင်းပေါ့။
ရာသီဥတု ကတော့ သာသာယာယာပေါ့ဗျာ။
ယခင်နေ့တွေက လမ်းလျှောက်သည့်အခါ
ဖုန်းမယူပါဘူး။ ဖုန်းနဲ့ဆို လွတ်လွတ်လပ်လပ်
လမ်းလျှောက်လို့မကောင်းဘူး။ယနေ့တော့
စာရေးဖို့အကြံနဲ့ လမ်းလျှောက်ရင်းဖုန်းယူခဲ့သည်။
26 B လမ်းကို သတိနဲ့ဖြတ်ကူးပြီး ညီညာပြန့်ပြူး
သည့် ပလက်ဖောင်းသို့ အောင်မြင်စွာရောက်ရှိသည်။
အစိမ်းရင့်ရောင်ရှိသောကျုံးရေပြင်ကို ဒီမှာဖက်တွင်
အောက်ခြေအုတ်ကမ်းပါး၊ အပေါ်ငွေရောင်စတီး
လက်ရမ်းများဖြင့် ကာရံထားသည်။ ဟိုမှာဖက်ကမ်း
တွင် ကျုံးရေပြင်ကိုကျောက်ကြီးများစီ၍
အစိမ်းရောင်သုတ်လိမ်းကာ အနားကွပ်ထားသည်။
ထိုမှတဆင့် အနီရောင်အုတ်မြို့ရိုးကြီးက
ခမ်းနားထည်ဝါစွာ ထပ်မံအနားသတ်ထားပြန်
ပါသည်။
ကျွန်တော်တို့ မန္တလေး မှာ တရုတ် လူမျိုးများ
အင်မတန်ပေါများလာသည့်အကြောင်း လူတိုင်း
သိမည်ဖြစ်ပါသည်။ မန္တလေးမြို့ရဲ့ အချက်အချာ
နေရာတော်တော်များများသည် တရုတ်လူမျိုးများ
ပိုင်ဆိုင်သည့်နေရာများဖြစ်နေသည်။ အဓိကလမ်းမ
ကြီးများ၊ မိန်းလမ်းမများပေါ် မှာရှိကြသည့်
အိမ်များသည် အဆိုပါ တရုတ်လူမျိုးများ၏
နေအိမ်များသာဖြစ်ကြသည်။
ကိုယ်ပိုင်စာသင်ကျောင်းများ၊ စားသောက်ဆိုင်
ကောင်းကောင်းများ၊ ရှော့ပင်းစင်တာများတွင်
ပိုင်ဆိုင်သူ၊ ရောင်းချသူ၊ စားသောက်သူနှင့်
သင်ယူသူများတွင် မြန်မာလူမျိုးများ အင်မတန်
နည်းပါးလှသည်။ ဘီယာဆိုင်များ၊ လမ်းဘေးစား
သောက်ဆိုင်များနှင့် ပျော်ပွဲရွှင်ပွဲများတွင်တော့
မြန်မာလူမျိုးများ အင်မတန်ပေါများပါလှသည်။
ကျုံးရေပြင်ကို ငေးကြည့်ရင်း အတွေးများက
မြန်ဆန်လှသည်။ မြန်မာလူမျိုးတို့အတွက်
နေထိုင်စရာကရှားပါးလာသည်။မြန်မာပြည်
အနှံ အပြား တပ်ပိုင်၊ ဦးပိုင်မြေများကလည်း
ပေါများလှသည်။မန္တလေးတွင်လည်း များပြား
တိုးပွားလာသည့်လူဦးရေကြောင့် မြေနေရာများ
က ရှားပါးကာ တန်ဘိုးကြီးမားလာသည်။
သာမန်လက်လုပ်လက်စားနှင့် ဝန်ထမ်းများ
အဖို့ မန္တလေးမြို့လယ်ခေါင်တွင် ကိုယ်ပိုင်အိမ်ဖြင့်
နေရန် အိမ်မက်ပင် မက်ခွင့်မရှိပြီ။
အတွေးများနဲ့ မန္တလေးရဲ့ကျုံးရေပြင်ကို
ငေးနေစဉ်မှာ မြူးကြွသည့်တီးလုံးနှင့်အတူ
တရုတ်သီချင်းသံက လေမှာ ပျံ့လွင့်လာသည်။
ဆွေမျိုးပေါက်ဖော်မ တစ်စုက အစီအရီညီညာ
စွာဖြင့် အုပ်စုလိုက်ကနေကြသည်။ သူတို့ က
နေသည့်နေရာက ကြည့်ကြပါအုံး မိတ်ဆွေတို့...။
အဆိုပါနေရာက ရာဇဝင်ရှိပေသည်။
ရာဇဝင်ဆို၍ အကြီးကြီးမဟုတ်ဘူးနော်
ကျွန်တော် ကြိုက်သည့် ကဗျာဆရာနေမိုးညို
ရေးသားထားသည့်နေရာလေးဖြစ်နေလို့ပါ။
ဒီလိုဗျာ သူ့ကဗျာလေးမှာ မန္တလေးရဲ့မြေနေရာ
တွေများအနက် ကျုံး ရေပြင်နဲ့ မြို့ရိုးကြားက
မြေကွက်လေးကို ရေးပြထားသည်။ နန်းတွင်းမှာ
စစ်တပ်မြေ နန်းအပြင်မန်းမြေမှာက ဆွေမျိုး
ပေါက်ဖော်တို့က များစွာမြေပိုင်ဆိုင်ထားသည်။
ထို့ကြောင့် အဆိုပါမြေနေရာလေးတွင် ခြေစုံရပ်ကာ
သူ့နူတ်က တိုးတိုးလေးရွတ်ခဲ့မိပါသည်တဲ့။
”ဒါတို့ပြေ ဒါတို့မြေ တို့ပိုင်တဲ့မြေ” တဲ့လေ။
အခု ဆရာညိုရဲ့ တို့ပိုင်တဲ့မြေမှာ
ဆွေမျိုး ပေါက်ဖော်မတစ်သိုက်က
တရုတ်သီချင်းနဲ့ ကနေတာမြင်ရင်
ဆရာညို ဘယ်လိုများ ကဗျာစပ်မလဲဆိုတာ
သိချင် ဖတ်ချင်မိပါတော့သည်။