" ကဲဟယ် ကဲဟယ် နောက်တစ်ခါ စာလိုက်မရေးဘဲ နေဦးမလား။ကျောင်းမှာစာကိုပြီးအောင် ကူးခဲ့မလား။နောက်တစ်ခါ စာမပြီးခဲ့ရင် ဒီ့ထက်ပိုနာမယ် မှတ်ထား။" မောတယ် မောတယ် ကျွန်မဒီအသံတွေကို ကြားရတာ တနင်္လာနေ့ကစပြီး သောကြာနေ့ထိ ကျောင်းဖွင့်ရက်တိုင်းပဲ။
ညဘက်ဆိုလည်း ဒီအသံ။မနက်ဘက်လည်း ဒီအသံ။ကျွန်မတော်တော်ငြီးငြူနေပါပြီ။ဒါပေမယ့် ဘာလို့ ကျော်ကျော်အခုထိဒီအသံကို နှစ်သက်နေရလဲ စဉ်းစားလို့ကို မရဘူး။ဒီအသံတွေကြားတိုင်း အရိုက်ခံရတဲ့ ကျော်ကျော်တော့ ဘယ်လိုနေမလဲမသိဘူး။ကျွန်မကတော့ အရိုက်မခံရဘဲ တော်တော်နာနေပြီ။
ကျော်ကျော်ကလည်း ကျော်ကျော်ပါပဲ။အခုမှအသက်လေးက ၁၀နှစ်။အတန်းပညာက ပဉ္စမတန်း။အတန်းပညာသာ တစ်နှစ်ထက်တစ်နှစ်ကြီးလာတာ ဦးနှောက်ကမဖွံ့ဖြိုးသေးဘူး။ဥာဏ်မမီတာလားဆိုတော့ မဟုတ်ရပါဘူး။သူဥာဏ်မီချင်တဲ့နေရာဆို ဥာဏ်မီတယ်။ဥပမာ ဖုန်းနဲ့ဆော့တဲ့ဂိမ်း ဘယ်ဂိမ်းမဆို သူဆော့တတ်တယ်။
ကျော်ကျော်ဆိုတာက တစ်ခြားသူမဟုတ်ဘူး။ကျွန်မရဲ့များစွာသော ဝမ်းကွဲမောင်တွေထဲက တစ်ယောက်။သူတို့နဲ့ကျွန်မက တစ်မိုးအောက်တူတူနေသူတွေ ဆိုတော့ သူ့အကြောင်းအကုန်သိရတယ်။မသိချင် မမြင်ချင်လည်း သိရမြင်ရတယ်။မိဘတွေကလည်း တစ်ဦးတည်းသောသားလေးဆိုတော့ ချစ်ရှာသား။အားလုံးသူ့သဘောပါ။အလိုလိုက်ခံရလွန်းလို့ အခုလိုဖြစ်တာလားဆိုတာတော့ ကျွန်မလည်းမဝေခွဲတတ်တော့ပါဘူး။ငယ်ငယ်တုန်းကတော့ အခုလိုသူ့အမေရဲ့ရိုက်သံနှက်သံတွေ သိပ်မကြားရဘူး။တစ်ဦးတည်းသောသားဆိုတော့လည်း မထိရက်မတို့ရက်။
ပြသနာကကျော်ကျော်ဒုတိယတန်းမှာစတာပါပဲ။ကျောင်းသွားတယ် ကျောင်းကပြန်လာတယ်။ဒါပေမယ့် စာအုပ်မှာစာမပါလာဘူး။ကျောင်းအကျီင်္တွေ ညစ်ပတ်လာတယ်။ပထမတစ်ရက် သူ့အမေမပြောသေးဘူး။ကလေးမို့လို့ ငယ်သေးလို့ဆိုတဲ့ မိဘတွေရဲ့ လက်သုံးစကားနဲ့ ဥပေက္ခာပြုထားတာ။တစ်ရက်ကနေ နှစ်ရက် နှစ်ရက်ကနေသုံးရက် ဒီလိုနဲ့ စာမေးပွဲဖြေဖို့နီးလာတော့ စာအုပ်ထဲမှာကျက်စရာစာမရှိ။နောက်ဆုံးတော့ အတန်းတူသူငယ်ချင်းတွေဆီသွားပြီး သူ့အမေကိုယ်တိုင် စာလိုက်ကူးပေးတယ်။ဒီလိုနဲ့ ဒုတိယတန်းပြီးသွားတယ်။ဘာမှမဖြစ်သေးဘူး။
တတိယတန်းရောက်လာတယ်။ထုံးစံရှိတော်မူသည့်အတိုင်း စာမပါလာပြန်ပါဘူး။ဒီတစ်ခါတော့ သူ့အမေဒေါသထွက်ပြီ။ဆူတယ်။စာပြန်ကူးခိုင်းတယ်။ဒီလိုနဲ့ အရှေ့အရပ်က နေထွက် အနောက်အရပ်က နေဝင်ပြီးတစ်ရက်တစ်ရက်ပြီးသွားတယ်။မောင်တော်က သူ့အမေဆူတဲ့ရက်ဆို စာပြီးလာတယ်။မဆူတဲ့ရက်ဆိုစာမပြီးဘူး။ဆိုတော့ကား ဒင်းလေးစာပြီးဖို့ရာ သူ့အမေကျွန်မအဒေါ်သည် နေ့တိုင်း ဆူနေရပါတော့တယ်။ကြာလာတော့ နားယဉ်သွားလား မသိပါဘူးရှင်။ဘာသာစုံပြီးရာကနေ တစ်ဘာသာမပြီး နှစ်ဘာသာမပြီးနဲ့ အိမ်ပြန်လာတယ်။သူ့အမေကတော့ မိဘတို့ဝတ္တရားထဲကနေ နောက်တစ်ပါးတိုးပြီး စာလိုက်ကူးပြန်ပါရော။ဒီလိုနဲ့ တတိယတန်းကို ပြီးဆုံးသွားခဲ့ပါတယ်။မြန်မြန်လည်းပြီးချင်ပါတယ်။မဟုတ်ရင် ကျွန်မတို့နားတွေကွဲရတော့မယ်။စာမပြီးလာတဲ့ရက်တွေဆို အဒေါ့်ရဲ့ ဆူသံအော်သံတွေက Melody Worldအလား ထင်မှတ်မှားရပါတယ်။
အစိုးရစစ် စတုတ္ထတန်းကို မောင်မင်းကြီးသားလေးရောက်ရှိသွားချိန်မှာတော့ ကျွန်မတို့အိမ်ဟာ နတ်ကန္တားပေးနေတဲ့အလား ထင်မှတ်ရပါပြီ။အမေဂျမ်းဝင်စီးထားတဲ့ ကျွန်မအဒေါ်ဟာ စာမပြီးလာတဲ့ သူ့သားကို တရားတွေဟောနေပါပြီ။ကျွန်မအဒေါ့်ကို ကြည့်ရတာ မာရသွန်ပွဲမှာ တစ်ယောက်တည်းပြေးပြီး ပထမဆုရအောင် ကြိုးစားနေသလိုပါပဲ။မောင်မင်းကြီးသားလေးကတော့ အချိုးပြင်လိုက် မပြင်လိုက်ပါပဲ။မိခင်တစ်ယောက်ရဲ့စေတနာမေတ္တာကို ကျွန်မအခုမှ ထင်ထင်ရှားရှားမြင်နေရပါတယ်။ဒီလိုနဲ့ပဲ ကျွန်မတို့အိမ်ရဲ့ နတ်ကန္တားပွဲကြီးဟာ စတုတ္ထတန်း အတန်းတင်စာမေးပွဲအပြီးမှာပဲ ပြီးဆုံးသွားပါပြီ။
ကဲ အခု ကျွန်မ၏မောင်လေးပဉ္စမတန်းရောက်နေပြီ။မလှုပ်တဲ့ကျောက်တုံးကို ရွေ့အောင်တွန်းနိုင်တဲ့ မိခင်တစ်ယောက်ရဲ့မေတ္တာကို ကျွန်မမလေးစားဘဲ မနေနိုင်ပါ။သို့သော် ကျောက်တုံးကြီးကတော့ ငြိမ်သက်ဆဲ။အခုဆို ကျွန်မအဒေါ်ဟာ ကျောက်တုံးကိုရွေ့ဖို့ တုတ်ကိုတောင်အသုံးပြုလာပါပြီ။အော်သံတွေ ရိုက်သံတွေက ဘယ်တော့မှာများရပ်ပါ့မလဲ။ကျွန်မအဒေါ့်အစား မောလာပါပြီ။ဒါပေမယ့် အဒေါ်ကပြောတယ်။"သူ မမောသေးပါဘူးတဲ့။မမောသရွေ့ ရှိသမျှ အားနဲ့ တွန်းနေမှာပါ"တဲ့။ကျွန်မတော့ ဆုတောင်းပါတယ်။"ကျောက်တုံး အမြန်ရွေ့ပါစေလို့"။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003