မင်္ဂလာပါ..
အားလုံး ပြုံးပျော်ရွှင်နိုင်ကြပါစေလို့
ဆုမွန်ချွေလိုက်ပါတ်ခင်ဗျ။
•••••••••••••••••••••••••••••••••••••••
(တစ်)
တစ်တစ်ခွခွ တဖွဖွပြောသွားတဲ့ နင်ငါ့ကို ခါးခါးသီးသီး မုန်းတဲ့အကြောင်းတွေဟာ ငါ့အသိဥာဏ်ထဲမှာ "တစ်တလီတစ်"လို့အော်ဆိုခဲ့ဖူးတဲ့ ကျောင်းစာလို ခုထက်ထိထင်ကျန်နေဆဲပါပဲ။တစ်သက်မှာ တစ်ကြိမ်တခါ ပွင့်လာခဲ့တဲ့ ငါ့ရင်ထဲက ရှားပါးအချစ်ပန်းကလေးကို နင်မို့လို့ အပျင်းဖြေသလို နင်းချေရက်တယ်။နင်မုန်းတဲ့ညက ငါ့အိမ်အမိုးမှာ တစ်တေတူးထိုးသံတွေ ကြားခဲ့ရတယ်။
(နှစ်) " "နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်ကလေးလို ထာဝရမခွဲပါရစေနဲ့နော်" " ဆိုပြီး ဟိုအရင်က နင်ပြောခဲ့ဖူးတဲ့ စကားလေးကိုတော့ မေ့ပြီပေါ့။အေးပေါ့လေ..ငါ့ဘက်က နှစ်နှစ်ကာကာ အရူးအမူးချစ်ခဲ့မိသူဆိုတော့လဲ နှစ်နဲ့နှစ်နဲ့ပေါင်း(ငါး)ရရမယ်လို့ နင်ပြောခဲ့တာကိုတောင် မျက်စိမှိတ်ခေါင်းညိမ့်ပြီး မင်းကိုပြုံးပျော်စေခဲ့ပါတယ်။
သိထားဖို့က နင့်အပေါ်ထားတဲ့ ငါ့ချစ်ခြင်းတွေဟာ နှစ်ချို့လေလေ တန်ဖိုးကြီးလေလေဖြစ်တဲ့
ဝိုင်အရက်လိုပါပဲ။
(သုံး) အသုံးအဖြုံးတွေကိုလျော့ပြီး နင်နဲ့ဘဝတည်ဆောက်ဖို့ ငါစိတ်ကူးခဲ့ပါတယ်။ချွေတာတဲ့အနေနဲ့ တခါသုံး ဘရိတ်ဓားကို အခါခါပြန်သုံးတာမျိုးတို့၊ သုံးမိုင်လောက်ဝေတဲ့ခရီးကို ကိုးခြောက်ကိုးသုံး ကိုယ့်ဟာကို ခြေလျင်လျောက်တာမျိုးတို့ပေါ့။
ငါအမြဲထိုးတတ်တဲ့ သုံးလုံးထီကိုတောင် နင်နဲ့ချစ်ခဲ့တဲ့တလျောက် ဖြတ်ခဲ့တာကြည့်ပါတော့။
(လေး)လေးလေးနက်နက် ငါ့ဘက်ကရှိခဲ့ပေမဲ့
နင်ကတော့ ငါ့ကို" "ဆောင်ရင်လေး ပစ်ရင် အဝေးရောက် ရေစိမ်သောက် သေးပေါက်"တဲ့ မင်းရဲ့အဆောင်ဓာတ်လုံးလောက်တောင် အလေးမထားပဲ ကလေးကလား သဘောထားခဲ့တာ ငါသိပါတယ်။အခုတော့ "ဗူးလေးရာ ဖရုံဆင့်"ဆိုသလို နင်မရှိတဲ့ကမ္ဘာမှာ အလွမ်းတွေကို ထမ်းပိုးကာ လေးသထက်လေးခဲ့ရပါပြီ။
(ငါး) "ငါးမရ ရေချိုးပြန်" ဆိုတဲ့စိတ်လဲမရှိခဲ့လို့
ချိန်းတွေ့ကြတုန်းက ကျကျန်ခဲ့တဲ့ နင်ရဲ့လက်ပတ်နာရီလေးကို ပိုကာဝိုင်းမှာမသုံးပဲ နင်တို့နဲ့ငါးအိမ်ကျော်က နင့်သူငယ်ချင်း မယ်လှ ကနေတဆင့် ငါပြန်ပေးခဲ့တယ်လေ။လွတ်သောငါးလဲ မကြီးတော့ပါဘူးလေ..မင်းမှ ငါ့ဆီမပျော်နိုင်တာပဲ။
(ခြောက်)ခြောက်ကပ်ကပ်ရယ်သံတွေနဲ့ ငါ့အလွမ်းတွေကို နင်ပြက်ရယ်ပြုရက်တယ်နော်။ငါ့မှာတော့ နင်နဲ့ပြန်လည်နီးစပ်ဖို့အရေး သရဲခြောက်မှာတောင် တွေးမကြောက်ပဲ ညနေခြောက်နာရီတိုင်း ရွာအနောက်ဘက်က သစ်ခြောက်ပင်ကြီးအောက်မှာ ထိုင်ထအခါခြောက်ဆယ် လုပ်ရမယ်ဆိုတဲ့ ဗေဒင်ဆရာရဲ့ယတြာအတိုင်း ညနေတိုင်းသွားခဲ့ပါတယ်။
(ခုနှစ်) "ခုနှစ်စဉ်ကြယ်ပြောင် အမှီးရယ်ထောင် လူပျိုမောင်မောင် ရောက်မဲ့အချိန်ပဲ" ဆိုတဲ့ ရှေးကဗျာလေးကို ဆိုရင်း ငါအလာကို ချိန်းဆိုရာက မျှော်နေတတ်ရှာသူလေးရေ..အခုဟောဟိုမှာ...မိုးပေါ်က ခုနှစ်စဉ်ကြယ်ကြီး အမှီးထောင်နေတာကို
ကြည့်လှည့်ပါဦးလားးးလို့ ခုနှစ်သံချီပြီး အရူးတစ်ယောက်လို့ ထထအော်ဟစ်လိုက်ချင်ပေမယ့် အဘကြိမ်လုံးကိုကြောက်လို့ မျိုသိပ်ခဲ့ရတဲ့ညတွေလဲ မနဲပါဘူးကွယ်။
(ရှစ်) " "ရှစ် ရှစ်..ရှစ် ရှစ်" "ဆိုပြီး အသံကြားလို့ လမ်းလျောက်လာရင်း ခေါင်းမော့လှမ်းကြည့်တော့ နင်ဝယ်စားနေကျ စကားမပြောတတ်ရှာတဲ့ မုန့်ပြားသလက်သယ် မစိန်မက သူ့ကို မုန့်ဖို့အကြွေး ရှစ်ကျပ်ပေးဖို့ ကျန်သေးကြောင်း လက်ဟန်ခြေဟန်နဲ့ တောင်းနေလို့ ငါ့ပုဆိုး ခါးပုံစကြားက ထန်းရေဖိုးလေးထုတ်ပေးလိုက်ရသေးတယ်လေ။ရှိမဲ့စု ထန်းရေဖိုးလေးပါသွားလို့ စိတ်ညစ်ညစ်နဲ့ ဥရှစ်ပင်အောက်ဝင်ထိုင်ပြီး ငိုင်နေတုန်း "ဖုန်း"ခနဲ ကြွေကျလာတဲ့ ဥရှစ်သီးကြီးလေ...ငါ့ခေါင်းနဲ့ သီသီကလေးလွတ်တယ်။ဘုရားးဘုရား ငါကံနိမ့်နေပါလားးး။
(ကိုး) ကိုးနဝင်းကြေ အန္တရယ်ကင်းအောင် ရွာထိပ်ကဘုရားမှာ မနက်ကိုးနာရီတိုင်း ဂုဏ်တော်ကိုးပါးကို တစ်ရက် ကိုးခေါက် ကိုးရက်တိတိ ငါသွားရွတ်ရမယ်။တစ်ရက်မှာ ရွာဦးကျောင်းက ကပ္ပိယကြီးဦးနှောင်းက ငါ့အခြေအနေကို ရိပ်စားမိပြီး " " ဟကောင်ရ..အချစ်ဆိုတာ ကိုးကွယ်စရာ မဟုတ်ဘူးကွ..အချစ်ကို ကိုးစားခဲ့ကြလို့ အဆိုးအများနဲ့ဇတ်သိမ်းသွားကြတဲ့သူတွေအကြောင်းကို ရာဇဝင်အကိုးအကားနဲ့ မင်းကို သေသေချာချာ ပြောပြချင်ပေမယ့်..ငါအခုတော့ အချိန်မရသေးဘူးး (နင်တို့ဘကြီး)ဦးပြူးအသက် ကိုးဆယ်မွေးနေအတွက် စီစဉ်ရဦးမယ် "ဆိုပြီး အလောတကြီး သုတ်ခြေတင်ကာ ရွာဝိုင်းထဲဝင်သွားလို့ ငါ့မှာဆတ်တငင့်ငင့်ကျန်ခဲ့ရတယ်။အင်းး မနက်ဖြန်တော့ ဝေယျာဝတ်စသွားလုပ်ရင်း(ဝါးတီးဆွဲရင်း)မမြင်တာကြာပီဖြစ်တဲ့ နင့်မျက်နှာလေးကို ကိုးကိုးစားစား ကြည့်ရချည်သေးရဲ့ ဆိုတဲ့အတွေးနဲ့
ငါပျော်သွားတယ်။
(တစ်ဆယ်)ဆယ်ခါ့တစ်ခါ အကြည့်ချင်းဆုံလာလေတဲ့ နင့်မျက်ဝန်းတွေထဲမှာ အစိမ်းရောင်အရိပ်အငွေ့လေးတွေ ကျဲပါးသွားတာ မြင်မိလို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတယ်ဟာ..၊ နင်..နင်ငါ့အပေါ် အရင်လို သဘောထားနိုင်မယ်ပေါ့နော်..လို့ အော်မေးလိုက်ချင်ပေမယ့် သူ့အဘအိမ်မှာ လူအများနဲ့ ကုသိုလ်ပွားနေတယ်ဆိုတဲ့ အသိကြောင့် ထိန်းထားရတယ်။တခါတလေ နင်ငါ့ကို လှစ်ခနဲကြည့်သွားတဲ့ အကြည့်တွေက fbက ဆယ်လီမတွေထက် ဆယ်ဆပိုပြီး ငါ့ကိုကလိကလိဖြစ်စေတယ်ဆိုတာ ဝန်ခံပါရစေ။ဒီလိုနဲ့ အိမ်ရဲ့နောက်ဖေး ပန်းကန်ဆေးကြတဲ့နေရာမှာ နှစ်ယောက်ထဲအတွေ့ "နင့်ကို ငါတစ်ရက်မှ မမေ့ဘူး သိလား" လို့ အမောတကော ငါပြောမိတော့ "ဟောတော့ သူများတွေ မြင်ကုန်လိမ့်မယ်..ရှင်တော်တော်..ကဲ" သိပ်အချိန်ဆွဲမနေနဲ့ ..ဒီတခါ ဝါကျွတ်ရင် နီးကြဖို့ပြင်တော့" ဆိုပြီး သုတ်သုတ် သုတ်သုတ်နဲ့ ထွက်အသွား အရှေ့နားက နွားချည်တိုင်ငုတ်ကို နင်ခလုပ်တိုက်တာကို ကြည့်ပြီး ငါရယ်ခဲ့ရသေးတယ်။
ငါလေ..ငိုခဲ့ရသမျှ ဒီနေ့တော့ အတိုးချဝမ်းသာရပါပြီ။စိတ်သာချပါတော့..
နင့်မိဘထံမှာ လက်ဆယ်ဖြာထိပ်မှာမိုးပြီး အတူနေကြဖို့အရေး အခါတော်ပေးပါရစေတော့။
Credit -Photos
••••••••••••••••••••••••••••••••••••••••••••••••
ချစ်သောအားဖြင့်
By @Builderb