ခဏခဏ အပေါ့အလေးစွန့်တဲ့
အိမ်သာရဲ့ ထပ်ခိုးဟာ ငါပဲ
မင်းရဲ့ လူမမြင်တဲ့ အလှတရားမှန်သမျှ ငါရွံတယ်
အဆီပြန်နေတဲ့မျက်ခွက်က
ဒုတိယကမ္ဘာစစ်တုန်းက မိန်းမအရမ်းလိုချင်နေတဲ့ စစ်ဗိုလ်အတိုင်းပဲ
ခွေးလျားသီးတွေကို ချေမွလို့မရခဲ့ဘူး
နှစ်ဦးသဘောတူသေဆုံးပြီးရင်တော့
မင်းနဲ့အတူတစ်ကုတင်ထဲ လေယာဉ်ပျံစီးအုံးမှာပါ
ချိုင့်ခွက်တွေအပြည့်နဲ့လမ်းကိုလမ်းလို့ခေါ်ရင်
ခလုတ်တိုက်သူဦးရေ ရေတွက်လို့မရဘူး
ငှက်တွေကို လူအဆီထည့်ပြီး မောင်းကြသောအခါ
မျက်စောင်းထိုးတာတောင် ဒီဂရီထည့်ထိုးရပြီ
မင်းကိုယ်မင်း ကလိကြည့်လိုက်ပါဦး
မင်းလိုအပ်တာ ဘာလဲမင်းသိလာမယ်
လမ်းမတွေပေါ်က
နေ့စဉ်နာတာလူးပွဲတော်တွေကို ဂျာနယ်လို့ခေါ်တယ် စကားနည်းတဲ့ မင်းကိုတော့ အားနာပါတယ်
ဒါမဲ့ ခွေးကမွေးတာ ကျားမဖြစ်ဘူး
နာနာဘာဝတွေဟာ စာသင်ချိန်မှားပြီး
ကြွေခဲ့ကြတယ် မင်းကိုမေးချင်တာတွေ
တကူးတက ပွင့်ပေးနေတဲ့သူက ငါ့ရဲ့ကဗျာပင်ပဲ
သူ့ကို နောင်တစ်ခေတ်ရဲ့သင်ရိုးညွှန်းမှာတွေ့ခဲ့ရင်
မင်းမေးကြည့်လိုက်ပါ
ငါတို့ကိုသူဘယ်သူနဲ့မှားပြီး
ဆင်ခြေဖုံးကက လက်သည်နဲ့ မွေးခဲ့တာလဲလို့
မေးကြည့်လိုက်ပါ