အတွေး ရှုပ်ရှုပ် အဖြေထုတ် (@aggamun)


pexels-photo-1097496.jpeg

ကျွန်တော် ကလေးတွေကို စာသင်ပေးတယ် ဆိုတာ ချစ်လှစွာသော #MSU ညီအစ်ကို မောင်နှမများ သိပြီးလောက်ပြီ ထင်ပါတယ်။ ကြီးကြီး ကျယ်ကျယ် ကျူရှင်ကြီး ဖွင့်ပြီး သင်ပေးတာတော့ မဟုတ်ရပါဘူးဗျာ။ ကျောင်းတုန်းက စာလေးဘာလေး နည်းနည်းပါးပါး လိုက်လုပ်ထားတော့ ရပ်ကွက်ထဲ သတင်းကောင်းလေး ထွက်တဲ့ အရှိန်လေးနဲ့ မှိန်းပြီး အနီးအနားက ကလေး တစ်ယောက် နှစ်ယောက် လောက်ကို လေ့ကျင့် သင်ကြားပေးတာပါ။ အတန်းကြီးလည်း မဟုတ်ပါဘူး။ မူလတန်း ပထမနှစ် ဖရက်ရှာ လေးတွေပါ ခင်ဗျ။

သေသေ ချာချာ စစ်စစ်ပေါက်ပေါက် ရေတွက်ကြည့်မှ ကျောင်းသား အားလုံးပေါင်း ငါးယောက်ထဲ ပါ။ ဒီနေရာမှာ ရော့ခ်ကာကြီး ကိုလေးဖြူ စကား ငှားပြောရရင် တစ်ဝက်လောက်က ကျွန်တော့ အမျိုးတွေပါ။ ဟုတ်တယ်လေ ဘာရယ် ညာရယ် မဟုတ်ပါဘူး။ လူရှိန်အောင်လို့ ကိုယ့်ညီနှစ်ယောက် မရမက ခေါ်သင်ပလိုက်တယ် ဘယ်ရမလဲ။ ဒင်းတို့ နှစ်ကောင်ကလည်းဗျာ ကျွန်တော်ကို ချစ်တာရယ် စာသင်တာ ကောင်းလို့ရယ် ထင်တယ် ဟိုနေ့က ကျွန်တော် နေမကောင်းလို့ တစ်ရက်လောက်နားလိုက်တာ အိုင်ယာလန် ထီပေါက်သလို ပျော်သွားတယ်တဲ့လေ။ သြော် လျှာရှည်ပြီး ကိုယ်က စုံစမ်းမိသည်ကိုး။ ဒါတောင် နောက်နေ့ စာလာသင်တော့ ကျွန်တော့ကို တစ်ရက်တည်း ဖျားရကောင်းလား ဆိုတဲ့ မျက်နှာပေးတွေနဲ့ " နေကောင်း တာသေချာလို့လား " တဲ့။ ကိုင်း ဒါဆို ကျွန်တော် ဦးဆောင် ထားတဲ့ တပ်မဟာကြီး အင်အားကို ခန့်မှန်းမိလောက်ရောပေါ့ဗျာ။

kids-girl-pencil-drawing-159823.jpeg

ကျွန်တော် ငယ်ငယ်က အတွေးတစ်ခု ရှိခဲ့တယ်ဗျ။ ဘာလို့များ ငါးတန်း ရောက်မှ လေးတန်းက စာတွေ ပြန်လေ့လာလို့ ကောင်းနေသလဲ။ လေ့လာလိုက်တိုင်းမှာ ခေါင်းထဲကို လျှောခနဲ လျှောခနဲ ဝင်ဝင်သွားသလို မှတ်ဉာဏ်လည်း ကြာကြာမြဲစေတယ်လို့ ခံစားမိနေတာလည်း ဆိုတဲ့ အတွေးလေးပါ။ လေးတန်းတုန်းကတော့ ကျက်လိုက်မှတ်လိုက်ရတဲ့ စာတွေကလေ ဟော ငါးတန်းလည်း ရောက်ရော လွယ်လိုက်တာ ဖြစ်ကရောပဲ။ ဒါကို လွယ်လွယ်တွေးကြည့်ရင် တော့ " ဟာကွာ ဒါလေးများ အတန်းကြီး တော့ အတန်းငယ်က ပိုလွယ်နေလို့ပေါ့ဟ " ဆိုပြီး တွေးနိုင်ပေမဲ့ ကျွန်တော် ဒီအဖြေကို အားမရဘူးဗျာ။ အဖြေက အကြမ်းစားချည်း ဆန်နေသလိုပဲ။ ဥပမာ ပြောရရင် " ကောင်းကင်ကြီး ဘာကြောင့်ပြာတာလဲ။ သဘာဝကြောင့်ပေါ့ဟ " ဆိုသလို ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော် ဒီအတွေးကို သိမ်းထားရင်း အဖြေရှာနေမိတယ်။ ဟော အခုတော့ အဖြေရဖို့ လမ်းစ ပေါ်လာခဲ့ပြီလေ။

ကျွန်တော်ရဲ့ ပဉ္စမံ တပ်သားတွေ အကြောင်း နည်းနည်း ပြောပြရဦးမယ်ဗျာ။ ကျွန်တော့ညီ ဝမ်းကွဲလေးက ဒုတိယတန်းပါ။ ကလေးတို့ ထုံးစံ အတိုင်း သွက်သွက်လက်လက်လေးပေါ့။ မှတ်ဉာဏ်လေးက ကောင်းတဲ့ အပြင် အသားအရေကလည်း ဖြူဖွေးထ နေတော့ တော်တော် ချစ်ဖို့ကောင်းတဲ့ ကလေးပေါ့။ သူ့ထူးခြားချက်အနေနဲ့ တစ်ခါတလေ နည်းနည်းတော့ လူကြီးဆန်တတ်တာ လေးတွေရှိတယ်။ ဥပမာ ပြောရရင် ထမင်းစာလို့ ကောင်းတယ် လို့ မပြောဘူး။ ထမင်းစားတာ မြိန်တယ်တဲ့။ ဘယ်သူပြောတာ ကြားထားလည်း မသိ။ မျက်နှာကလည်း ချိုတော့ အားလုံးရဲ့ အသည်းကျော်ပေါ့ဗျာ။ စာနဲ့ ပတ်သတ်လို့ ရှိရင် စာရေးတာ တိကျတယ်။ သပ်ရပ်တယ်။ အပိုအလို မရှိဘူး။ ဒါပေမဲ့ နည်းနည်း ကြာသွားရင် သိပ်မသိတော့ဘူး။ ကလေးဆိုတော့ ဟေ့ ဒါဖတ်ဆို ဖတ်လိုက်တယ်။ ဒါရေးဆို ရေးလိုက်တယ်။ သင်္ချာတွက်ရင် သိသာတယ်။ အပေါင်း အနှုတ်ကို နှစ်ခါ နှစ်ခါ ပြန်သင်ရတယ်။ သင်္ခါရ ပေါ့ဗျာ။ နည်းနည်းလောက်များ ကြာသွားလို့ ပြန်တွက်ခိုင်းကြည့် အစကနေသာ ပြန်သင်ပေးရပြီသာမှတ်။

နောက်ထပ် တစ်ယောက်ကတော့ ပထမတန်းပါ။ သူကတော့ အိမ်နီးချင်း ကလေးပါ။ ထူးခြားတာက သူကျောင်းစ အပ်တော့ အသက်ပြည့်ဖို့ နှစ်လလိုသေးတာနဲ့ တစ်နှစ်အောက်ထားတဲ့ ကလေးပေါ့။ တကယ် ဆို ကျွန်တော်ညီ ဒုတိယတန်းကောင်နဲ့ တစ်တန်းတည်း တက်နေရပြီလေ။ ဒီကလေးကတော့ လိမ္မာရေးခြား အတော်ရှိတဲ့ ကလေးတစ်ယောက်ပဲဗျာ။ အဖေချော အမေချောမို့ ကလေးကတော့ ပြောစရာမလိုအောင် ပါပဲ။ တကယ့် မင်းသားရုပ်ဗျ။ တစ်ဦးတည်းသော သားဆိုတော့ တကယ်ကို နုနုဖတ်ဖတ် ကလေးရယ်လေ။ ပညာကိုလည်း သာမန်ကလေးထက်ကို လိုလိုလားလားရှိပါတယ်။ ဒီတော့ သူ့ကို စာသင်ရတာမခက်ခဲလှပါဘူး။ စာသင်ရတာ လျှောခနဲ လျှောခနဲဆိုတော့ အခုဆို သင်ခန်းစာတွေကို ဒုတိယကြော့ ပြန်သွားနေနိုင်ပါပြီ။ ဒါတောင် ကွန်တော်က တစ်နေ့ စာသုံးမျက်နှာ ထက် ပိုမသင်ပါဘူး။ အိမ်စာ တစ်မျက်နှာထက် ပိုမပေးပါဘူးဗျာ။ ကလေးတွေ ကစားချိန်မရမှာစိုးလို့။ စာသင်တာ တစ်ပတ်ငါးရက် တစ်ရက် နှစ်နာရီခွဲ ဒါတောင် ပုံဆွဲချိန် ပုံပြောချိန် အရုပ်ခေါက်ချိန် ကို အဲ့အထဲက ယူသေးတာ။

pexels-photo-256468.jpeg

ဒီနေရာမှာတင် ကျွန်တော် အဲသည့် ကလေးနှစ်ယောက်ကို ယှဉ်စဉ်းစား မိတော့တာပါပဲဗျာ။ တစ်ယောက်က အသက်ပြည့်တယ် ဉာဏ်ကောင်းပေမဲ့ သင်ခန်းစာကို ကျွန်တော်တို့ တုန်းကလိုပဲ အားစိုက်နေရတယ်။ နောက်တစ်ယောက်က ကျတော့ အသက်ကျော်တယ် ဉာဏ်ရည်က ထူးထူးခြားခြား မရှိပေမဲ့ သင်ခန်းစာတွေကို သက်တောင့် သက်သာ လေ့လာနိုင်နေတယ်။ ကျွန်တော်ဆိုလိုချင်တာက အသက်ကျော်တဲ့ ကလေးဟာ သင်ခန်းစာတွေကို လေ့လာ မှတ်သားဖို့ ဦးနှောက်က အသင့်အနေအထား ရောက်နေတယ်။ ကျွန်တော့ညီကတော့ ဉာဏ်ကောင်းပေမဲ့ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှု က သင်ကြားရတဲ့ စာပေနဲ့ မမျှတဘူးလို့ ခံစားမိလိုက်တယ်ဗျာ။ မျှတတယ် ဆိုရင်တောင် ကွက်တိ ဖြစ်နေတယ်ပေါ့ ခင်ဗျာ။ ဒါတောင် သင်ရိုးသစ် ဖြစ်နေလို့ ပေါ့။ သင်ရိုးဟောင်း သာဆို ရင်တော့ သူတို့တွေ သေချာတယ် ခေါင်းထဲ ဘာမှ ကျန်မှာ မဟုတ်ဘူးဗျာ။

သည်နေရာမှာ တင် ကျွန်တော် လိပ်ခဲတည်းလဲ ဖြစ်နေတဲ့ အဖြေကို ရှာဖွေ တွေ့ရှိလိုက်ပါပြီ။ ကျွန်တော် အတန်းကြီးရောက်တဲ့ အခါ အတန်းငယ်တွေရဲ့ စာတွေဟာ ပိုလွယ်နေတယ် လေ့လာရ ပိုပြီး လျှောလျှော ရှူရှူ ရှိနေတာဟာ ကျွန်တော့ရဲ့ ဦးနှောက်က အဆင်သင့် ဖြစ်သွားလို့ ပါပဲ။ ကွန်ပြူတာ စကားနဲ့ ပြောရရင်တော့ RAM တွေဟာ run ရမယ့် program ထက် ပိုနေသလိုပေါ့ဗျာ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကလေးတော်တော်များများ စာသင်ရတာကို ကြောက် ကြောက်လာတာဟာ၊ စာရှင်းပြတဲ့ အခါ အလွယ်တကူ သဘော မပေါက်နိုင်တာတွေဟာ တခြားအချက်တွေ ရှိနိုင်သေးပေမဲ့ ကျွန်တော်တွေးမိတဲ့ ဦးနှောက် အဆင်သင့် မဖြစ်သေးတာတွေလည်း ပါလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် ကလေးမိဘတွေကို ကလေးတစ်နှစ်လောက် ကျောင်းအပ် နောက်ကျရုံနဲ့ ဘာမှ မဖြစ်သွားပါဘူး။ ပိုတောင်ကောင်း လာဦးမှာပါလို့ ကျွန်တော် လက်လှမ်းမီ သလောက် ပြောမိတော့ တာပါပဲဗျာ။ ကဲ မိတ်ဆွေတို့ရော ကျွန်တော် အတွေးကို ဘယ်လိုမြင်မိပါသလဲဗျာ။


Give my love to you all ,Steemians. 😍 😍 😍
written by : @aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center