🎈မင်းရဲ့ပိုင်ရှင်🎈 part 2️⃣

🎈မင်းရဲ့ပိုင်ရှင်🎈

part 2️⃣

"ကိုကိုလိုက်ပို့"

အရုပ်လေး ကျောင်းဝတ်စုံလေးနဲ့ အိမ်ရှေ့မှာ မတ်တပ်ရပ်နေကာ သောကရှင်းကို ကျောင်းလိုက်ပို့ခိုင်းတာဖြစ်သည်။ရှင်းလည်းကျောင်းသွားရမှာမို့

"ဦးငယ်လိုက်ပို့လိမ့်မယ် ငါလည်းကျောင်းသွားရတော့မှာ ဦးငယ် သွားတော့ "

"လာ အရုပ်လေး ကိုကိုနဲ့ကကျောင်းမတူဘူးလေ အရုပ်လေး ဘဘလိုက်ပို့မယ်နော် လာ"

"သွားတော့ ကျောင်းနောက်ကျမယ်"

ဦးငယ်တို့ သွားဖို့ကားစက်နိုးနေစဉ် ဒေါ်မေကြည် ကလေးနှစ်ယောက်လက်ဆွဲပြီး ဆင်းလာသည်။

"ဟဲ့ မောင်ငယ် ဒီမှာ ကလေးတွေကျန်သေးတာ မသိဘူးလား သားနဲ့သမီး ကားပေါ်တက် "

ကလေးတွေ ကားပေါ်တက်လျှင် ဦးမောင်ငယ် ဒေါ်မေကြည့်ကိုကြည့်ရင်း

"မမလေးတို့ကိုယ်တိုင်လိုက်ပို့မယ်ထင်လ်ို့ပါ "

"ဟွန်း မပြောလိုက်ချင်ဘူး ဆင်ခြေကြီးပဲ သခင်အားရ ကျွန်ပါးဝနေတာ သွားတော့မြန်မြန် ကျောင်းနောက်ကျတော့မယ်"

ဒေါ်မေကြည် ခါးထောက်ပြီး ထွက်သွားသော ကားကိုကြည့်နေသည်။ပြီးတော့ အနားမှာ သူမလိုပဲ ကြည့်နေတဲ့ သောကရှင်းကိုကြည့်လိုက်လျှင် သူမကို မကြည့်ဘဲ စက်ဘီးနဲ့ထွက်သွားသည်။ကျောင်းသွားလျှင် ဘယ်သောအခါမှ ကားစီး၍မသွားဖူးဘူး။ဒီကောင်လေးကိုတော့ ဘယ်လိုနားလည်ရမှန်းမသိပေမယ့် သူ့အမွေကိုတော့ မက်မောလွန်းသဖြင့် သူနဲ့အတူမနေချင်ပေမယ့်လည်း နေနေရသည်။

"ဟဲ့ အရုပ်မ ငါ့ကို နင့်ရေဗူးပေး"

"ဟင့်အင်း မပေးဘူး နင့်မှာလည်းရှိတာပဲ "

ပန်းရုံ သူမရဲ့ရေဗူးကို လွင့်ပစ်လိုက်လျှင် အရုပ်လေးရော မင်းဘုန်းမြတ်ပါ မျက်လုံးလေးတွေဝိုင်းသွားသည်။ကားမောင်းနေတဲ့ ဦးမောင်ငယ်လှည့်ကြည့်လိုက်လျှင်

"ပေးတော့ အခုငါ့မှာရေဗူးမရှိတော့ဘူး "

ပန်းရုံဆွဲလုလိုက်လျှင် အရုပ်လေးလှမ်းဆွဲလိုက်ပေမယ့် မမှီပဲပါသွားသည်။မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေပေမယ့် မကျ။ရေဗူးကိုသာ ကြည့်နေလေသည်။

ကိုကိုကိုယ်တိုင် ဝယ်ပေးထားတာကြောင့် အရုပ်လေး အဆူခံရမှာ ကြောက်နေသည်။ကိုကိုက သူဝယ်ပေးတဲ့ ဘယ်အရာကိုမဆို ပျောက်တာတို့ ပျက်ဆီးသွားတာတို့ဆို ဆူလို့မပြီးတော့ဘဲ ဘယ်လိုအရာကိုမဆို တန်ဖိုးထားတတ်ဖို့ အမြဲဆုံးမတက်သည်။

"ရော့ ငါ့ဟာယူလိုက် အရုပ်လေးရေဗူးကို ပြန်ပေးလိုက်"

"မပေးပါဘူး ကိုဘုန်းရေဗူးက လှလည်းမလှဘူး ဒါပဲကြိုက်တယ်"

မင်းဘုန်းမြတ် ခေါင်းကုတ်လိုက်ပြီး အရုပ်လေးကို ကြည့်ကာ

"အရုပ်လေး ရော့ယူလိုက်နော် "

"အရုပ်လေးကိုပေးရင် ကိုဘုန်းဘာသောက်မှာလဲဟင်"

"ရတယ် ငါ့မှာသူငယ်ချင်းတွေအများကြီးရှိတယ် တောင်းသောက်မှာပေါ့ဟ"

ဘုန်းမြတ် ပြုံးပြီးပြောလိုက်လျှင် အရုပ်လေးရယ်လိုက်သည်။ပန်းရုံကတော့ ကားအပြင်ကိုသာ ငေးကြည့်နေပါသည်။

"နာမည်စာရင်းခေါ်မယ်နော် သားတို့သမီးတို့နာမည်ခေါ်ရင် ရှိလို့ထူးရမယ်နော်"

"ဟုတ်ကဲ့ပါ ဆရာမ"

"မောင်အေးငြိမ်း"

"ရှိ"

"မောင်စစ်နိုင်"

"ရှိ"

"........."

"........."

"မပန်းရုံ"

"ရှိ"

"မလက်ဆောင်မွန်"

"........"

"မလက်ဆောင်မွန် လက်ဆောင်မွန်က ဘယ်သူလဲ မလာဘူးလား လူလည်းစေ့ပါတယ် လက်ဆောင်မွန်"

အရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ပန်းရုံ အနောက်လှည့်ကာ အရုပ်လေးကို ရိုက်လိုက်သည်။

"ထူးလိုက်လေ အရုပ်မရဲ့"

"ဟင်"

"သမီးကလက်ဆောင်မွန်လား ဘာလို့မထူးတာလဲကွဲ့"

"ဟို မေ့နေလို့ပါ ဆရာမ"

"ဟေ မေ့လို့ အဟင်းဟင်း"

ပန်းရုံ မတ်တပ်ထရပ်လိုက်ပြီိး လက်ကလေးပိုက်ကာ

"ဒီလိုပါဆရာမ စံအိမ်ကြီးမှာ သူ့ကို အရုပ်လေးလို့ပဲ ခေါ်တာပါ အဲ့ဒါကြောင့်..."

"ဪသိပြီ ထပါဉ်ီးသမီးရဲ့ သမီးက အရုပ်လေးလား ဟုတ်ပါရဲ့ အရုပ်လေးနဲ့တူပြီး ချစ်ဖို့ကောင်းလိုက်တာ"

"ကျေးဇူးတင်ပါတယ်ဆရာမ ရှိ"

"အဟား ဒါထူးတာလား ဟုတ်ပါပြီထိုင်သမီးလေး နောက်တစ်ခါမမေ့တော့နဲ့နော်"

"ဟုတ်"

အရုပ်လေးထိုင်လိုက်ပြီး ဆရာမက နောက်ထပ်ကျောင်းသားတွေကို ဆက်ခေါ်နေသည်။ပြီးနောက် စာသင်ပါတော့သည်။

အရုပ်လေး သူငယ်ချင်းအသစ်တွေရတာကြောင့် ပျော်ရွှင်နေသည်။ပထမဆုံးစာသင်ရပေမယ့် အရုပ်လေး စာသင်ရတာပျော်သည်။ပန်းရုံကတော့ မတူမတန်သလိုပြုကာ တစ်ယောက်ထဲနေ၍ဘေးကထိုင်နေတဲ့သူကိုတောင် အနိုင်ကျင့်ဗိုလ်ကျနေလေသည်။

🌿🌿🌿🌿🌿🌿🌿🌿🌿

"အရုပ်လေး ကျောင်းတက်ရတာပျော်လား"

"ပျော်တယ်ကိုကို သူငယ်ချင်းတွေလည်းအများကြီးရတယ် ဆရာမကလည်း သဘောကောင်းတယ်"

"ဟုတ်လား စာတွေရေးဖို့ပေးလိုက်သေးလား"

"ပေးတယ် ဝလုံးသုံးမျက်နှာရေးလာရမယ်တဲ့"

"ဒါဆို ထမင်းစားပြီးရင် ရေးရမယ်နော်"

သောကရှင်း သူမကို နောက်ဖေးဘက်သွားဖို့ပြောလိုက်ပြီး သူလည်း စာကြည့်ခန်းထဲဝင်ကာ စာလုပ်နေလိုက်ပါသည်။

ပန်းရုံမျက်နှာလေး ဆူပုတ်ပုတ်ဖြစ်နေတာကြောင့် ဒေါ်မေကြည် စိုးရိမ်သွားသည်။

"ဘာဖြစ်လို့တုန်းသမီးရယ် ဟင်"

"ကိုကိုပေါ့ သမ်ီးကျတော့ ကျောင်းမှာဘာတွေသင်လဲ ဘာမှမမေးဘူး အရုပ်မကိုကျတော့မေးတယ် "

"ကောင်းတယ် နင်စိတ်ကောင်းမှ မရှိတာကို"

"ဟဲ့သား ကိုယ့်ညီမကို ဘယ်လိုပြောတာတုန်း သမီးလေးက ဘာလုပ်လို့လဲ"

"မေမေ့သမီးပေါ့ အရုပ်လေးရေဗူးကို လုယူသွားတယ် သူ့ရေဗူးကိုကျတော့ လွင့်ပစ်လိုက်တယ်လေ"

"ဟုတ်လားသမီး ဘာလို့အဲ့လိုလုပ်ရတာလဲ"

"သူ့ရေဗူးက လှတာကို ကိုကိုက သူ့ကိုလှတာလေးတွေအကုန်ဝယ်ပေးတယ် သမီးကိုကျတော့ ဘာမှဝယ်မပေးဘူး"

"မေမေဝယ်ပေးမှာပေါ့ သူများသုံးပြီးသားကို နောက်ဘယ်တော့မှမယူနဲ့နော် ဒီ့ထက်ပိုလှတာကို ဝယ်ပေးမယ်ကြားလားရုံ"

"ဟုတ်"

ပန်းရုံ သူမကို နမ်းလိုက်ပြီး အခန်းထဲက ရေဗူးကိုယူကာ အရုပ်လေးဆီသွားပြီး ရေဗူးကို ပစ်ပေးလိုက်သည်။အရုပ်လေး ဝမ်းသာအားရနဲ့ကောက်လိုက်ပြီး ပန်းရုံကို ပြုံးကြည့်နေသည်။

"နင့်ရေဗူးအစုတ်ကို နင်ပြန်ယူတော့ ငါက ဒီ့ထက်လှတာကို ဝယ်မှာ "

ပန်းရုံပြောပြီး လှည့်ထွက်သွားသည်။ဒေါ်စောကြည့်ပြီး အရုပ်လေးကို သနားနေသည်။ပြန်လာကတည်းက မျက်နှာမကောင်းတာ ဘာကြောင့်မှန်းမသိ။သူ့အစ်ကို ဆူမှာစိုးလို့ ရေဗူးကို သူများယူသွားတာမပြောဘဲ ငြိမ်နေခြင်းဖြစ်မှန်းသိလိုက်သည်။

ငယ်ပေမယ့် အကြီးတွေရဲ့ အရိပ်အခြေကိုကြည့်ပြီး နေတတ်တဲ့ကလေး။ဦးမင်းငယ်တို့ လင်မယား ရှင်းလေးကွယ်ရာမှာ ရိုက်နှက်နေပေမယ့် တစ်ခါမှမတိုင်ပဲ ကြိတ်ခံရှာသည်။သူ့ဘဝကိုသူ သိနေသလားပင်မပြောတတ်။

ဒီလိုနဲ့ ရက်လနာရီတွေပြောင်းလဲသွားချိန်မှာ သောကရှင်းလည်း ဆယ်တန်းကို ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး ရန်ကုန်မှာစီးပွားရေးတက္ကသိုလ်တက်ရောက်နေပြီဖြစ်သည်။

မိဘပိုင် ခြံမြေတွေကို ဒီထက်ပိုအောင်မြင်အောင်လို့ စီးပွားရေးမေဂျာကို ယူခြင်းဖြစ်သည်။သွားသာသွားရပေမယ့် ရှင်း အရုပ်လေးကို စိတ်မချ။ဦးမင်းငယ်တို့ အရုပ်လေးကို နှိမ်ကျမှာ ခိုင်းစေကျမယ်ဆိုတာသိပေမယ့် မဖြစ်သာလို့ ထားခဲ့ ရသည်။

"ဟယ်လို ကြီးစော အရုပ်လေးကို ဖုန်းပေးလိုက်ပါ"

"ဟို ဟို ..."

ဒေါ်စော ဘာပြောရမှန်းမသိခင် အရုပ်လေး မျက်ရည်သုတ်ရင်း ဖုန်းကိုင်လိုက်သည်။

"အရုပ်လေးပြောနေပါတယ်ကိုကို အင့်"

"အင်း စာလိုက်နိုင်ရဲ့လား ကျန်းမာရေးဂရုစိုက်နော် သိပ်လည်းဆော့မနေနဲ့ဦး ကြားလား"

"အင့် ဟုတ်ကဲ့ အင့် ကိုကို အရုပ်လေး ကိုကိုစကားကို နားထောင်ပါ့မယ် အင့် အင့်"

"ဘာဖြစ်နေတာလဲ ငိုနေတာလား ဟေ့အရုပ်လေး မေးနေတယ်လေ ဖြေဦး"

"လူလေး သမီးလေးက လူလေးကိုလွမ်းလို့ငိုနေတာကွဲ့ အရုပ်လေးအတွက် ဘာမှစိတ်မပူပါနဲ့ ကြီးစော သေချာစောင့်ရှောက်ထားလိုက်ပါ့မယ်"

"ကြီးစော အရုပ်လေးကို ရှင်းကိုယ်စား သေချာဂရုစိုက်ပေးပါဗျာ"

"စိတ်ချပါ လူလေးရယ်"

သူဖုန်းချသွားတာနဲ့ အရုပ်လေး ငိုပါတော့သည်။ဒါပေမယ့်ကောင်းကောင်းပင် မငိုနိုင်ရှာဘဲ ဒေါ်မေကြည်ရိုက်ထားလို့ ညိုနေတဲ့ပါးလေးကိုကိုင်ပြီး တအင့်အင့်နဲ့ရှိုက်နေသည်။

"ရက်စက်လိုက်ကြတာ လူတွေမှဟုတ်သေးရဲ့လား ဘွားစောတောင်းပန်ပါတယ်ကလေးရယ် ကလေးကို မကာကွယ်နိုင်ခဲ့ဘူး"

"မဟုတ်တာ ဖွားစောရယ် အဲ့လိုမတွေးပါနဲ့ အရေးကြီးတာကလေ ကိုကို့ကိုဘာမှသွားမပြောလိုက်ပါနဲ့နော် ကိုကိုသိရင် ချက်ခြင်းပြန်လာမှာ အဲ့ဒါဆို ကျောင်းပျက်လိမ့်မယ် ကိုကိုက ဘယ်တုန်းကမှ ကျောင်းတက်ပျက်ခဲ့တာမဟုတ်ဘူး ဘာမှမပြောပါနဲ့နော်"

"အေးပါ ကလေးရယ် စိတ်ချပါ လာဖွားစောဆေးထည့်ပေးမယ်"

"အ"

ဒေါ်စော သူမကျောပေါ်လက်တင်လိုက်တာနဲ့ သူမ ကျောကော့ပြီး ရှောင်လိုက်သည်။ဒေါ်စော ပျာပျာသလဲ အင်္ကျီကိုလှန်ပေမယ့် အလှန်မခံ။

"လူလေးနဲ့ တိုင်ရမလား အရုပ်လေး"

ထိုသို့ပြောမှ သူမငြိမ်သွားပြီး အင်္ကျီကိုလှန်ပြီး ကြည့်လိုက်လျှင် ဒေါ်စောမျက်ရည် ပေါက်ခနဲကျသွားသည်။

"ဖြစ်မှဖြစ်ရလေ ကလေးရယ် ဘယ်လိုဖြစ်လို့ဒီလောက်တောင် ရိုက်ခံထားရတာလဲကွယ်"

"ဘဘဦးမင်းငယ်က အိမ်မှာအရက်ကုန်သွားလို့ အရုပ်လေးကို အရက်ဝယ်ခိုင်းတယ် မဝယ်ပေးလို့ ကြာပွတ်နဲ့ရိုက်တယ် အင့် ရိုက်ပြီးသွားတော့လည်း ထပ်ဝယ်ခိုင်းပြန်တယ် အရုပ်လေးအရက်ဆိုင်သွားရမှာရှက်တယ် အဲ့ဒါကြောင့် မဝယ်ပေးတာပါ ဒါကို ဘဘက ထပ်ရိုက်တယ် အရုပ်လေးအရမ်းနာတာပဲဖွားစောရယ် အင့်အင့်အင့်"

အသံမထွက်ဘဲ သူမကိုမှီကာ ငိုနေသည်။မနေ့ကတင် ဒေါ်မေကြည် သူ့မအင်္ကျီကို မီးပူတိုက်ခိုင်းပြီး အတွန့်မပြေဘူးဟုဆိုတာဆိုကာ ပါးကို ရိုက်ခဲ့တာဖြစ်သည်။

အရွယ်နဲ့မလိုက်အောင် နှိပ်စက်ခံနေရတာကို ဒေါ်စောရော ဦးမောင်ငယ်ပါ ဘယ်လိုမှတားဆီးပိုင်ခွင့် ပြောပိုင်ခွင့်မရှိ။လူလေး အမြန်ပြန်လာပါစေလို့ပဲ ဆုတောင်းနေရပါတော့သည်။

🌿🌿🌿🌿🌿🌿🌿🌿🌿

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center