အလုပ်ရှိသူတွေက ထောလာတဲ့အခါ တခါတလေတော့လည်း သူတို့က လိုက်ကျွေးပါတယ်။ ဒါပေမယ့် ရှားရှားပါးပါးပါ။ အချိန်အများစုကတော့ ဗမာထမင်းဆိုင်လေးတွေက ကျွန်တော်တို့ စတည်းချရာနေရာပါ။
အဲ့ဒီတုန်းက တော်တော်လွတ်လွတ်လပ်လပ်ပါပဲ။ ညပိုင်းဆို ပလက်ဖောင်းပေါ်မှာ လက်ဖက်ရည်ဆိုင်တွေမှ ခလုတ်တောင် ဝင်တိုက်ချင်စရာပါ။ အရှေ့ဖက်မုဒ် သွားမလား။ ဒါမှမဟုတ် ဓမ္မာရုံရှေ့နား လမ်းကူးရုံနဲ့ ဆိုင်တွေမှ အများကြီးပါပဲ။
ရန်ကုန်က ညလဲအပူက တော်တော်နဲ့ မလျော့တဲ့ အပြင် ၉ နာရီ ၁၀ နာရီလောက်အထိ မအိပ်နိုင်ကြသေးတော့ အတွင်းဖက် အခန်းတွေက ပိုပူပါတယ်။ အဲကွန်း ပန်ကာ မရှိတော့ အပြင်ထွက် ယပ်ခတ်နေရတော့တာပေါ့။
ဒီလိုနဲ့ ညပိုင်း ဖွင့်တဲ့ ပလက်ဖောင်း လက်ဖက်ရည်ဆိုင်တွေဟာ ကျွန်တော်တို့ ခနတာ အပူရှောင်တဲ့ နေရာတွေ ဖြစ်လာပါတော့တယ်။ ပလက်ဖောင်းပေါ်မှာ ခွေးခြေ ခုံပုလေးတွေနဲ့ လေဟာပြင်မှာ လေက တဖြူးဖြူးတိုက်တော့ အပူသက်သာသလို ရန်ကုန်မြို့ကြီးရဲ့ ညရှူခင်းကို ကောင်းကောင်းခံစားလို့ရပါတယ်။
ပလက်ဖောင်းပေါ်မှာ ဟိုဒီကြည့်ရင်း ကော်ဖီလေးသောက်လိုက် ရောက်တတ်ရာရာတွေပြောလိုက် ရွှေတိဂုံဘုရား ခြေရင်းက ခြင်္သေ့ကြီး နှစ်ကောင်ကို ငေးလိုက်နဲ့ ရန်ကုန်ညတွေဟာ လွမ်းမောစရာပါပဲ။
ရယ်စရာဆိုလို့ အချိန်အခါမဟုတ် ရွာတဲ့မိုးကြောင့် ဝရုန်းသုန်းကားဖြစ်ကြတာပါ။ နီးစပ်ရာ တံစက်မြိတ်အောက် မိုးပြေးခိုကြရင်း မေတ္တာပို့ကြပါတယ်။ နောက်ပိုင်း မိုးရွာမယ်ထင်ရင် ထီးတွေပါ ယူလာကြပါတယ်။
ဓမ္မာရုံက ၁၀ ခွဲဆို သော့ခတ်ပါပြီ။ အဲ့ဒီအချိန် မတိုင်ခင် ပြန်ရတာပေါ့။ ဒါပေမယ့်နေတာ ကြာလာတော့ ဓမ္မာရုံလူကြီးနဲ့ ရင်းနှီးလာတော့ သူက ရှေ့တံခါးကို ပိတ်လိုက်ပေမယ့် ဘေးတံခါးကို စေ့ရုံလေးစေ့ထားပေးပါတယ်။
တခါတလေ နောက်ကျလို့ တံခါးပိတ်သွားရင်လဲ အထဲက တယောက်ယောက်ကို ဖုန်းဆက်ပြီး သော့တောင်းခိုင်းလို့ရပါတယ်။ နောက်ပိုင်းကျတော့ အပြင်ထွက်ရင် ဘေးဖက်တံခါးသော့ကို ပေးလိုက်ပါတယ်။ နေလာတာလဲ ကြာနေပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ဓမ္မာရုံကဦးလေးက ဆွေမျိုးလိုဖြစ်နေပါပြီ။
သော့မပါတဲ့သူတွေကတော့ အတွင်းခန်းက သူငယ်ချင်းကို ဖုန်းဆက်သော့တောင်းခိုင်းပြီး ဖွင့်ခိုင်းပါတယ်။ ဓမ္မာရုံက ဦးလေးက ဘာမှမပြောပါဘူး။ သူကလဲ ညနက်မှ အိပ်သလို မအိပ်ခင် ဓမ္မာရုံကို လှည့်ပတ်စစ်ဆေးပါသေးတယ်။
ခနခနတော့ အဲ့လိုနောက်ကျရင် မကောင်းဘူးပေါ့လေ။ အားနာရတာကိုး။ တခါတလေ အနီးအနားမဟုတ်ဘဲ အလည်လွန်သွားရင်တော့ အဆင်ပြေရာ သူငယ်ချင်းဆီမှာ ဒါမှမဟုတ်လဲတနေရာရာ ရှာအိပ်ရတာပေါ့။
သင်တန်းတွေ အသီးသီးပြီးကြတော့ သူတို့လဲ တာဝန်ကျတဲ့နေရာတွေပြန် ကျွန်တော်တို့လဲ ကိုယ့်ရပ်ရွာပြန်တော့ ခွဲကြရပါတယ်။ ပြိုင်တူပြီးတာ မဟုတ်တော့ အရင်ပြီးတဲ့သူက အရင်ပြန်ကြရပါတယ်။
အခုတော့ တနယ်စီရောက်နေကြတော့ အဆက်အသွယ်တွေလဲ ကျဲနေကြပေမယ့် ပြန်စဉ်းစားမိတိုင်း ရန်ကုန်ပလက်ဖောင်းညတွေကို လွမ်းမိပါတော့တယ်။
Image credit : pinterest
Sai Kaung Zaw Thant
23/3/22