မနေ့က ပဲထမင်း (ပြဲထမင်း) ကိစ္စ နှင့် ပတ်သက်ပြီး ဆင့်ပွား တွေးမိ၏။ ဘာရယ်တော့ မဟုတ်၊ အမေပြောသည့် နဂိုအတိုင်း ရေထည့်ရုံပဲ ပဲပါနေပေမယ့် ပဲအတွက်ဆိုပြီးတော့ ရေထပ်ထည့်စရာ မလိုဘူး ဆိုတာလေးပေါ့။
ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့သော သူမျိုးတွေ ရှိ၏။ ကိုယ့်အတွက် တမင် သီးသန့်ကြီး လုပ်ပေးနေစရာ မလိုဘဲ ဒီအတိုင်း ရတယ်ဆိုသည့် ရောင့်ရဲ နားလည်ပေးနိုင်သည့် သူတွေပေါ့။ သူတို့ရဲ့ ထို အလေ့အကျင့်ကောင်းတွေကြောင့် သူတို့ကို ကျနော်တို့ မေ့လျော့ နေတတ်၏။ သတိမထားမိဘဲ နေမိတတ်၏။
တခါတလေများ သူဆိုရပါတယ် အေးဆေး ဆိုပြီးတော့ လျော့ပေါ့ပြီးတောင် တွေးမိ လုပ်မိတတ်ကြ၏။ အခြားသူများကိုသာ ပိုအားနာမိတတ်ပြီး သူ့ကို အားနာဖို့ကြ မေ့လို့နေပြန်၏။ တချို့အချိန်တွေမှာဆို တမင်ကို မေ့ထားလိုက်ခြင်း ဖြစ်၏။ သူလည်း လူသားထဲက လူပင် မဟုတ်လား။ သူလည်း အခြားသူများကဲ့သို့ အလေးထား ဆက်ဆံခံရဖို့ ထိုက်တန်ပါ၏။ ကျနော်တို့ နားလည်ပေး အသိအမှတ်ပြု ပေးဖို့ လို၏။ သူ့ ဖြစ်တည်မှုလေးကို တန်ဖိုးထား ချီးကျူး ပေးဖို့ လို၏။
ပြန်စဥ်းစားကြည့်တော့ ကျနော့် အသိ မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ ထိုကဲ့သို့သော သူမျိုးတွေ တော်တော် များများကို ရှိနေ၏။ တမင်မွေးယူထားခြင်း မဟုတ်ဘဲ နဂိုဗီဇ ကကို အဲ့လိုမျိုးလေး ဖြစ်နေကြခြင်း ဖြစ်၏။ ဒါကြောင့်ပင် ကျနော်တို့ သူငယ်ချင်း အသိုက်အဝန်းလေးက သံယောဇဉ် တိုးသထက်တိုး၊ နားလည်မှု ရှိသထက်ရှိလာခြင်း ဖြစ်မည်ထင်၏။
ကျနော်တို့ အဖွဲ့မှာ ငါက ဘာလုပ်ချင် ဘာဖြစ်ချင်တာနှင့် ပတ်သက်၍ စကားများရခြင်းမျိုး မရှိပေ။ အဲ တခုပဲ ရတယ် ဘာစား၊ ဘာလုပ် မလဲ အချင်းချင်း ပြန်ဦးစားပေးနေရင်း မပြီးနိုင်သည့် သံသရာသာ ရှိချေတော့၏။
ကိုယ့်အသိထဲက အဲ့လို သူငယ်ချင်းမျိုးရှိရင်၊ သတိရမိသွား ပြောပြခဲ့ကြပါလား။ အချိန်ရမယ် ဆိုရင်ပေါ့။