အကြောတင်းသော အအိပ်သမား

uyhhhmzuxp.jpg

စောစော မအိပ်ဖြစ်တာ အတော်ကြာပြီ။ နဂိုကပင် စောစော အိပ်လေ့ မရှိပါဘူးဆို အာဏာလည်း သိမ်းလိုက်ရော ပိုဆိုးသွားတော့၏။ အတွေးပေါင်း သောင်းခြောက်ထောင် နှင့် အိပ်မရ ညတွေ ဒလဟော မွေးဖွားလေတော့၏။ သာမန်ဆို မနက် ၁ နာရီ နောက်ဆုံးထား အိပ်ရာဝင်သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း မှာတော့ မနက် ၂ နာရီ၊ ၃ နာရီမှ အိပ်ရာ ဝင်ဖြစ်တော့၏။ အိပ်ရာဝင် နောက်ကျတော့ အိပ်ရာ ထချိန်လည်း နောက်ကျတော့၏။

ကတ်သီးကတ်သတ် ပြောလျှင် တော့ ကျနော် အိပ်ရာ ဝင်တာ စောပါ၏။ ဟုတ်တယ်လေ မနက် ၃ နာရီ ဆိုမှတော့ စောတာပေါ့နော့်။ မနက်ကို ၉ နာရီ သို့မဟုတ် ၁၀ နာရီ ထ၏။ လုပ်စရာ ဘာညာ ရှိသည့် အခါမျိုး ဆိုရင်တော့ အစော ထ၏။

စနေ တနင်္ဂနွေ နှစ်ရက်ကတော့ မထချင်လည်း ထရ၏။ အိမ်က တူလေး၊ တူမလေးတို့၏ Online english စာ သင်တန်း ရှိသော ကြောင့် ဖြစ်၏။ သင်တာက သူတို့ ဆိုပေမယ့် ကွန်ပြူတာ ဖွင့်ပေး ဘာပေး၊ မီးအား အနည်း အများ အတင် အချ ကြည့်ပေး ပြုပေး အစရှိသည်တို့ လုပ်ပေးရ၏။ မသိလျှင် ကျနော်ပါ အတန်း လိုက်တက်နေရသလိုပင်။ စနေ မနက်က သိပ်ပြဿနာ မရှိပေမယ့် တနင်္ဂနွေ မှာတော့ ကိစ္စ ရှိ၏။ စနေနေ့ညမှာ ဘောလုံးပွဲ ကြည့်ပြီး နောက်နေ့ မနက် ထဖို့ကား ကျနော့် အတွက် တကယ့်ကို အဆင် မပြေလှပေ။

ဒါပေမယ့် မထချင် မထိုလည်း ထနေရ၏။ အတန်းက မနက် ၉ နာရီ စသဖြင့် ကျနော့်မှာ ၈ နာရီခွဲကျော် ထရ၏။ computer ဖွင့်၊ Zoom meeting ချိတ် စသည်ဖြင့် အဆင်သင့် လုပ်ထားရ၏။ စနေ၊ တနင်္ဂနွေ နေ့မျိုးဆို ကျနော် အိပ်ရေး မဝပေ။ နေ့လည် နေ့ခင်း တရေးတမော​လောက် ပြန် မမှေးရဘူးဆိုရင် ထိုနေ့ အဖို့ သာပြီး အဆင် မပြေတော့ပေ။

စိတ်တို သလို စိတ်ဆိုး သလိုလိုနှင့် သိပ်ပြီး အမြင် မကြည်ချင်တော့ပေ။ တနေ့လုံး လိုလို ထိုသို့ ဖြစ်နေသော်လည်း ညနေ ၆ နာရီ ကျော်သွားလျှင်တော့ ပုံမှန် ပြန်ဖြစ်သွား၏။ အိပ်ရေး မဝ ဖြစ်ထားတာ အစော အိပ်ဖြစ်လား ဆိုပြန်တော့လည်း ညမှာလည်း အစော ပြန်မအိပ်ဖြစ်။ အိပ်ရေး မဝတာ မှန်ပေမယ့် အိပ်ချိန်လည်း ပြန် မဖြည့် ဖြစ်ပေ။

ကျနော်က ချေးလည်း မချေး ပြန်လည်း မဆပ်ဘူး ဆိုပြီး ပေကပ်ကပ်နေသည့် အအိပ်ပျက် သမားသာ ဖြစ်၏။ အအိပ် ငတ်သော်လည်း အအိပ် မမက်သဖြင့် ခက်တော့ ခက်သား။ ပြင်မယ် ပြင်မယ်နှင့်ပဲ မပြင်ဖြစ်တာသာ မှန်မှန်နေတော့၏။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center